သူမပေါင်ပေါ်၌ ခေါင်းတင်ကာ အချိန်ကြာမြင့်စွာ အိပ်ပျော်နေသော ညို့ကိုကြည့်ရင်း အဏ္ဏဝါ အတွေးများနေမိသည်။ သူမအသက်အရွယ်ဟာ ဘဝနှင့်ဆိုင်နေသည့် ယခုလိုအခြေအနေကိုကိုင်တွယ်နိုင်ဖို့ လုံလောက်ပြီလား သူမ ဝေခွဲမရသေး။ သူမနေရာမှာ မာယာနွယ်ဆိုရင်ရော ... ညို့အမေကို ဘယ်လိုများဖြေရှင်းလောက်လဲ။ ဝန်ခံရလျှင် အဏ္ဏဝါသည် မာယာနွယ့်ကို ကျေးဇူးတင်မိပါသည်။ မာယာက အဏ္ဏဝါ့ဆီက အခွင့်အရေးကို လုယူမသွားခဲ့ပေ။ ညို့ကို ကာကွယ်နိုင်မည့် သူ့အခွင့်အရေးကိုလေ။ သူသာ မပြန်ဘဲ ဒီမှာဆက်နေလျှင် ညို့အမေရဲ့အမြင်တွေ တစ်မျိုးပြောင်းလာနိုင်မှာမလွဲ။ အခုတော့ သူက အဏ္ဏဝါ့အတွက် ညို့ကို အပြည့်အဝကာကွယ်ခွင့်တွေပေးခဲ့သည်။ ထို့ကြောင့် သူမနှင့်ညို့အတွက်သာမက မာယာ့အတွက်ပါ အဏ္ဏဝါ စိတ်ကိုပို၍ပြင်ဆင်ထားမည်။
"ဘာလာလုပ်တာလဲ"
"အန်..အန်တီ"
သူ့အခန်းထဲမှ ထွက်လာသော ဒေါ်ခင်ညို၏ မျက်နှာမှာ အလွန်ပင် ချောင်ချသွားသည်။ ညိုနိုးသွားမည်စိုး၍ သူမ မလှုပ်မရှက်သာထိုင်နေရသော်လည်း ရင်ထဲ၌ စိုးရိမ်တုန်လှုပ်နေသည်။
"ကျွန်မ ညို့ကိုစိတ်ပူလို့လာခဲ့တာပါ။ အန်တီလည်း နေမကောင်းဘူးဆိုတော့ ဒီမှာရက်ပိုင်းလောက်နေပြီး.."
"မလိုပါဘူး အဏ္ဏဝါ"
လက်သီးကို တင်းခနဲဆုပ်လိုက်ပြီး သက်ပြင်းချလိုက်ရသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ညို့ကိုတစ်ချက်ငုံ့ကြည့်ပြီးနောက် အန်တီခင်ညို့ကို ပြန်မော့ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်။ ညို ကျွန်မကိုလိုအပ်နေတယ်"
သူမကို မုန်းတီးနေသည့် ထိုမျက်ဝန်းများကို အသားမကျသေး။ မိဘ၊ သူငယ်ချင်းများထံမှ နွေးထွေးမှုကိုသာ ရခဲ့သော အဏ္ဏဝါသည် သူမကို ယခုလို ကြည့်နေသည့်အကြည့်များကို ရင်မဆိုင်နိုင်ဖြစ်နေသည်။
"ယိင်းနွယ်ကလည်း လွှတ်တာပဲလား။ အံ့ဩလိုက်တာ"
မေမေနှင့်ပတ်သတ်၍ ထိပါးသည့်အခါ သည်းမခံနိုင်ပါသော်လည်း အဏ္ဏဝါ စိတ်ကိုပြန်လျှော့ချလိုက်သည်။
YOU ARE READING
ညို