ညိုထည့်သွားသော တိပ်ခွေဆီမှ သီချင်းများ ဆက်လာနေသည်။
'အို .. သူ့အမုန်းများနဲ့ရေးခြစ်ခဲ့ အသည်းကွဲဇာတ်လမ်းလေး ..ဪ ငါ့ရဲ့အချစ်တွေဖူးသစ်စ ကျိုးလို့ကြေမွသွား...'
ထူးအိမ်သင်၏ အသံကို နားထဲ၌ ခါးနေသည်မှာ ဘဝတွင် ယခုက ပထမဆုံးအကြိမ်ပင်။
'တစ်သက်လုံးမေ့မရတော့ နှလုံးသားထဲက လန့် .. ဒီရင်ထဲဆေးရုပ်ထိုးထားအသည်းက ထင်စွဲဖျောက်ဖျက်မရ ငါတော့သွေးပျက်လို့ ရုန်းထွက်ဖို့ ကြိုးစားလည်း မလွတ်မြောက်တော့ပြီ ..'
အဏ္ဏဝါ ကက်ဆက်ကို အကြမ်းပတမ်း သွားပိတ်ချလိုက်သည်။
"ညို့အိမ်ကို သွားမှဖြစ်မယ်ဖေဖေ"
အံ့ဩမှုများဖြင့် မှင်သက်နေသည့်ဖေဖေက အဏ္ဏဝါ့အသံကိုကြားမှ ဆတ်ခနဲလှုပ်ရှားသွားသည်။ မေမေကတော့ အဏ္ဏဝါအနားသို့လာကာ ပွေ့ဖက်ရင်း သက်ပြင်းအစုံကို ချသည်။
"ညိုလေးကို ဘယ်လိုနှစ်သိမ့်ပေးကြရမလဲမောင်ရယ်"
မေမေ့၏ ငိုသံစွက်နေသောမေးခွန်း။ ဖေဖေဟာ စိတ်နှင့်လူနှင့်မကပ်သလို အိမ်အပြင်ကိုသာ ငေးကြည့်နေသည်။
"မောင်က တစ်ဖက်သတ်အမြင်တွေနဲ့ တယောညိုကို အထင်သေးမိခဲ့တာပဲ။ မောင်ပြောခဲ့တဲ့စကားတွေအတွက် မောင်ဘယ်လိုတာဝန်ယူရမလဲ ယိင်း"
လူသားဆန်လွန်းသော မိဘနှစ်ပါး၏စကားများကို ကြားတစ်ချက် မကြားတစ်ချက်။ ညို ငိုပြီးထွက်သွားတယ်။ ညိုဟာ ငိုပြီး သူမဆီကနေ ထွက်သွားသတဲ့။
"အဏ္ဏဝါ ဖေဖေလိုက်ပို့မယ်လာ။ ညို့အိမ်ကိုသွားမယ်"
ထိုင်ခုံအမှီ၌ လွှားတင်ထားသည့် အပေါ်ဝတ်အင်္ကျီကိုယူရင်း ဖေဖေက အဏ္ဏဝါ့ကိုပြောသည်။ မေမေ့မျက်နှာကိုကြည့်တော့ မေမေက သူမကို ခေါင်းညိတ်ပြသည်။ ဘုရားအနောက်မှ ညို့အိမ်ရှိရာဆီ စက်ဘီးဖြင့်သွားဖို့ဆိုတာ အတော်ဝေးလွန်းပါသည်။ သို့သော် ဖေဖေက သူ့စက်ဘီးကိုထုတ်ပြီး စတင်ထွက်ခွါဖို့ ပြင်နေသည်။ မိုးပင်ချုပ်လုပြီ။ စက်ဘီးအနောက်ခုံပေါ်သို့ တင်ပါးလွှဲတက်ထိုင်ပြီး ဖေဖေ့ခါးကို ကျစ်နေအောင်ဖက်ထားလိုက်တော့ ဖေဖေက စက်ဘီးကို စတင်နင်းသည်။
YOU ARE READING
ညို