"ညိုက ကျွန်မကို ဘာဖြစ်စေချင်လို့လဲ"
အဏ္ဏဝါထင်တာမလွဲရင် ညိုဟာ သူ့အဖေရဲ့ဓာတ်ပုံကို ဆွေးဆွေးမြေ့မြေ့မော့ကြည့်နေတာပဲ။ အဲ့လူက ညို့ဘဝထဲမှာမရှိတော့ဘူးထင်တယ်။ ညို ဝမ်းနည်းနေသလားတော့ သူမ မခွဲတတ်ပါ။ ညို့ခံစားချက်တွေကို ဘယ်တုန်းကမှ ခွဲခြမ်းစိတ်ဖြာလို့မရခဲ့ပါ။
"ကြယ်ပြာလေးဖြစ်စေချင်တာလေ။ ပင်လယ်ပြာလေးဆိုလည်း လှပါတယ်။ သို့မဟုတ် လရိပ်ပြာကလေးဆိုလည်းလှမှာပဲ"
ညို့ကိုနားလည်ဖို့ကြိုးစားနေလျက်နဲ့ နားမလည်နိုင်တဲ့အဖြစ်။ ဒီအိမ်ထဲမယ် ညိုနဲ့ပတ်သတ်တာတွေအရမ်းများတယ်။ အရှေ့မှာတင်ကို မြင်ရသမျှက ညိုပဲ။
"အဏ္ဏဝါ နောက်ဆုံးနှစ်တက်နေတာမလား"
"ဟုတ်တယ် ညို"
"ပျော်လား ကျောင်းတက်ရတာ"
"ကျောင်းတက်ရတာပျော်ပါတယ် စာလုပ်ရတာပဲမပျော်တာ"
အဏ္ဏဝါအဲ့လိုပြောလိုက်တော့ ညိုက အားရပါးရပြုံးသွားတယ်။ ပြီးတော့ ညိုက သူရပ်နေတဲ့ နံရံနားက ကြမ်းပြင်မှာပဲထိုင်ချလိုက်ပြန်တယ်။ သူ့ဘေးကိုသွားရမလား ထိုင်ခုံမှာပဲထိုင်နေရမလား တွေးရင်း အဏ္ဏဝါ အတွေးထဲ ဗျာများလာတယ်။
"အဏ္ဏဝါ့ မျက်လုံးတွေက ဝိုင်းတာပဲ။ နှာတံကလည်း ခပ်လုံးလုံးကလေး။ နှုတ်ခမ်းတွေက ပြန့်နေတာ လှတယ်။ ပြီးတော့ ဆံပင်တိုကို ညိုအကြိုက်ဆုံးပဲ။ ဂုတ်ထောက်နေတော့ ကြည့်ရတာ ပိုပြီး .. ဘယ်လိုပြောရမလဲ"
ညို ဆက်မပြောတော့။ အဏ္ဏဝါ့ကို အဲ့နေရာကနေ ခပ်တွေတွေကလေးကြည့်နေသည်။ သူဝတ်ထားတဲ့ ဝမ်းဆက်မှာ အင်္ကျီကဖြင့် ခါးတို။ ထိုင်နေတာမို့ အနည်းငယ်ပေါ်နေတဲ့ ခါးသွယ်သွယ်ရဲ့ အရေပြားဟာ အဝေးကကြည့်ရင်တောင် နှစ်လိုဖွယ်ရှိတယ်။ ဖြူတော့မဖြူ။ ညိုက အညိုရောင်လိုလူလေ။
"အန်တီက ဘယ်သွားတာလဲ"
"ဪ ပါပါးဆုံးတာ ၃နှစ်ပြည့်တယ်လေ။ အဲ့တော့ တိုက်ကျောင်း(ကျိုက်ခေါက်ဘုရားအနီးရှိ ဘုန်းကြီးကျောင်း)ကို သွားတယ်ရယ်"
YOU ARE READING
ညို