၂၀၁၃ ခုနှစ် ရန်ကုန်မြို့။
မနက်ခင်း၏ အေးမြကြည်နေသော လေထုအတွင်း အခန်းခေါင်းရင်းတွင် စိုက်ထားသော စံပယ်ခြုံဆီမှ အနံ့သင်းသင်းလေး နှာဖျားသို့ဝေ့လာသဖြင့် ညိုပြုံးလိုက်မိသည်။ သွယ်လျသော လက်ချောင်းများဖြင့် ပါးပေါ်မှသနပ်ခါးပါးကွက်ကလေးကို ခပ်ဖွဖွပွတ်ဆွဲလိုက်ပြီး မှန်ထဲတွင်မြင်နေရသည့် ကိုယ့်မျက်နှာကိုယ် ခပ်မော့မော့ကြည့်လိုက်သည်။
ခပ်လွှလွှခြယ်ထားသော သနပ်ခါးများခြောက်လုနီးပါးဖြစ်လာသည့်အချိန်၌ အပြင်သို့ထွက်ရန် ညို ထရပ်လိုက်သည်။ များများစားစားယူစရာမရှိသော်လည်း ဟိုရက်ကမှ ပါးပါးဝယ်ပေးထားသော ဖုန်းအသစ်လေးနှင့် ပိုက်ဆံအိတ်ကိုကောက်ယူကာ အခန်းပြင်သို့ထွက်ခဲ့လိုက်သည်။
"သမီး ဘယ်သွားမလို့လဲ"
ထမင်းစား စားပွဲတွင်ထိုင်နေသောပါပါးက လက်ဖက်ရည်တစ်ခွက်ကိုသောက်နေဟန်တူသည်။ မနက်စောစောထတတ်သောပါပါးသည် မနက်ခင်းတွင် လက်ဖက်ရည်တစ်ခွက်သောက်ကာ သတင်းစာဖတ်လေ့ရှိသည်။ မေမေကတော့ စျေးသွားပြီထင်ပါသည်။
"ဘိုကလေးစျေးဘက်ကိုသွားမလို့ ပါပါး။ မောင် နဲ့ချိန်းထားလို့လေ"
ပါပါးက ခေါင်းကိုခပ်ဖြည်းဖြည်းညိတ်ပြပြီး 'အေးအေး ဂရုစိုက်သွား' ဟုပြောသည်။
"ပါးပါး ဘာမှာချင်သေးလဲ"
"မမှာတော့ဘူးသမီး ပါပါးလည်းသွားစရာရှိသေးတယ်"
ခြံထဲရှိကားအနက်ရောင်ကလေးကို မောင်း၍ထွက်လာခဲ့သည်။ ညိုတို့အိမ်နှင့် ဘိုကလေးစျေးမှာသိပ်မဝေးပါ။ ဒီတစ်ခေါက် ပါပါးအလုပ်က အကြာကြီးနားရက်ရသဖြင့် ညိုသိပ်ပျော်နေသည်။ ညိုသည် အမေထက် အဖေကိုပို၍တွယ်တာသော သမီးများထဲမှ တစ်ယောက်ဖြစ်ပါသည်။ ပါပါးကလည်း တစ်ဦးတည်းသောသမီးပီပီ ညို့ကိုသိပ်ချစ်သည်။ နားရက် ခဏကလေးသာ ရရင်တောင် ညို့ကိုခေါ်၍ အပြင်တွင် အချိန်တူတူဖြုန်းရန် ထွက်နေစမြဲပင်။
ကားရေဒီယိုမှလာနေသော သီချင်းသံကို စိတ်အနှောင့်အယှက်ဖြစ်လာသဖြင့် ညိုပိတ်ပစ်လိုက်ရသည်။ ဘိုကလေးစျေးနားသို့ရောက်ခါနီးမှပင် ကားများကျပ်နေပါသည်။ ဒီနေ့ မောင့်သူငယ်ချင်းအချို့နှင့် တွေ့စရာရှိသေးသည်။ ညို တူရိယာဆိုင်ကလေးဖွင့်ဖို့ ရန်ကုန်ထဲ၌ပင် ဆိုင်ခန်းနေရာရှာကြဖို့ရန် တိုင်ပင်ဖို့ဖြစ်သည်။
YOU ARE READING
ညို