မနက်ဖြန်ဆို ဘုရားပွဲပင် ပြီးပြီ။ အဏ္ဏဝါကတော့ လွင်တို့နှင့် အရင်နှစ်တွေကလိုပဲ လည်ပတ်ပါသည်။ ညိုကတော့ ပထမဆုံးတစ်ရက်လိုက်ပြီးတည်းက မလိုက်တော့ပေ။ လူတွေအများကြီးနဲ့ တကယ်ပင်မနေတတ်ဘူးဟုဆိုသည်။ လူသာ မလိုက်ခြင်းပင်။ ပွဲစျေးအတွင်း ညို့ဆီမှ ဖုန်းကောလ်များကို ခဏခဏကိုင်ရသည်။ မကိုင်လျှင်လည်း စိတ်ဆိုးတတ်သေးသည်။ 'ကလေးမို့လို့ ပျော်ခွင့်ပေးထားတာ၊ ညိုနဲ့လိုက်ဖက်အောင်နေရစမ်းမယ်' ဟုလည်း ဆူအောင့်အောင့်ပြောသေးသည်။
"ဒါဖြင့် မနက်ဖြန်ပြန်တော့မှာမလားလို့။ ညိုမေးနေတာကို"
ဘေးနားက ညိုက ထဘီကို ရင်ဘတ်အောက်နားအထိ ဆွဲတင်၍ဝတ်ထားသည်။ အဏ္ဏဝါရယ်ချင်သော်ငြား မရယ်ရဲပြန်။ ညို့၏ ယခုပုံစံလေးများအား တွေ့ခဲရလွန်းသည်လေ။ ခုတင်ထက်၌ တင်ပျဉ်ခွေချိတ်ထိုင်လျက် သူ့ဖုန်းထဲမှ သီချင်းများကို တစ်ခုပြီးတစ်ခု ဖွင့်ထားရင်း ညိုအလုပ်ရှုပ်နေသည်။ အဏ္ဏဝါ့ကို မေးခွန်းထုတ်လာသော်လည်း ညို့အကြည့်များ ဖုန်းထံမှမခွါ။
"ပြန်ရမှာပေါ့။ ဆယ်ရက်ပြည့်ပြီကို"
"ပြန်ပေါ့ မတားပါဘူး"
ဆံပင်ကောက်ကလေးများအား ကပိုကရိုစည်းထားသည့် ညို။ ညို့ရဲ့ ဗမာဝတ်စုံအင်္ကျီအပါးက အလွန်ပါးလှသည်။ နီညိုရောင်ကိုမှ ပန်းပွင့်ပုံများဖော်ထားသည့်နေရာများ၌ အထဲသို့ဖောက်မြင်နေရသည်။ ထို့နောက် ညိုထဘီဝတ်ထားသည့်ပုံစံ။ အိမ်နေရင်းမို့ ဖြစ်သလို ပွတ်ထားသည့် သနပ်ခါးခပ်ပါးပါး။
"ဘာလို့အဲ့လောက်စိုက်ကြည့်နေတာလဲ"
ညိုက ခုတင်ထက်၌ လှဲနေသည့်သူမထံ အကြည့်တစ်ချက်ပို့၍ မေးလာသည်။
"ညိုက သိပ်လှလို့ပေါ့"
"သိရဲ့"
သဘောကျစွာ ဟက်ခနဲရယ်တော့ အဏ္ဏဝါ့ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ ရင်ဘတ်ပေါ်တင်ထားသည့် လက်နှစ်ဖက်ကို ညိုက တစ်ချက်စိုက်ကြည့်နေသေးသည်။
"အဏ္ဏဝါ"
"ဟုတ်ကဲ့"
လှဲနေသည့်သူမ၏ ဘေးဘက်၌ ညိုထိုင်နေခြင်းပင်။ ညိုက ဖုန်းထဲမှ တစ်စုံတစ်ခုကို သည်းကြီးမဲကြီးရှာနေသည့်ဟန်ရှိသည်။ စစတုန်းကဆို ညို့ကို ဖုန်းတွေဘာတွေသုံးတတ်မယ်တောင် မထင်ခဲ့။ ရယ်ရသည်။ တကယ်တော့ ညိုဟာ အကုန်သိတဲ့မိန်းမပါ။
YOU ARE READING
ညို