"ငါဆင်းပြီ။ ဖေဖေ့အတွက် စျေးကိုဝင်ရဦးမယ်"
အဏ္ဏဝါနှုတ်ဆက်တော့ လွင်က အိပ်ငိုက်နေရာမှ ခေါင်းညိတ်ပြသည်။ စိုင်းနောင်ကတော့ အိပ်မောပင်ကျလုပြီ။
လမ်းဆုံမှတ်တိုင်ဟုခေါ်ကြသည့် သန်လျင်-ကျောက်တန်းလမ်းမကြီးနှင့် ခရမ်းသုံးခွဘက်သို့သွားသည့် ခြောက်လမ်းသွားလမ်းမကြီးတို့ဆုံရာ နေရာ၌ အဏ္ဏဝါ ဆင်းဖို့ပြင်သည်။ လက်ထဲက ထီးအဝါရောင်ကို လက်ဖျံ၌ ပြောင်းချိတ်လိုက်သည်။ ကားပေါ်မှဆင်းတော့ ကယ်ရီသမားများ လက်ပြနေကြသည်။ တချို့ကလည်း နှုတ်မှပင် 'ညီမလေးဘယ်သွားမလဲ' အစရှိသဖြင့် မေးသည်။ မသိချင်ယောင်ဆောင်၍သာ လမ်းမ၏ ညာဘက်အခြမ်းသို့ ဖြတ်ကူးရပါသည်။ ထိုမှတဆင့် ဘုရားကုန်းစျေးရှိရာ လမ်းတစ်ဖက်သို့ ထပ်ကူးရပြန်ပါသည်။
ဝက်ဆီဖက်သည်တွေက လမ်းမဘေးက စျေးတန်းမှာသာနေရာယူတတ်ကြသည်။ ဒါတောင် တစ်ဦးတည်းရယ်ပါ။ အမြဲလည်းမတွေ့ရတတ်။ ငယ်ငယ်ကဆို မေမေနဲ့စျေးကိုလာတိုင်း ဒီနေရာမှာ နေရာအတည်တကျ စျေးဗန်းခင်းပြီးရောင်းတဲ့အန်တီကြီးလည်း မရှိတော့။ အခုတော့ဖြင့် တွန်းလှည်းဖြင့်ရောင်းနေသည့် ဦးလေးကြီးကိုသာတွေ့ရသည်။ မလှမ်းမကမ်း ကြက်သားတုတ်ထိုးဆိုင်ဆီမှ ဟင်းချိုနံ့များ၊ ကြက်သားပြုတ်အနံ့များကို မြိုင်မြိုင်ဆိုင်ဆိုင်ရသည်။ ကျောပိုးအိတ်ထဲက ပိုက်ဆံနှိုက်ရင်း အရှေ့၌မြင်နေရသည့် အသားပျောက်နေသော ဝက်သားဖက်များကို အဏ္ဏဝါ ငုံ့ကြည့်လိုက်သည်။
"တစ်ဆယ်သားဘယ်လောက်လဲ ဦးလေး"
"၁၅၀၀လေ သမီး"
"ဟုတ်ကဲ့ တစ်ဆယ်သားပေးပါ။ ကိုယ့်ဟာကိုယ်ရွေးမယ်နော်"
"ရပါ့ဗျာ ဒီမှာ ချိန်ခွင်ထဲတခါတည်းထည့်"
ဦးလေးကြီး၏ စွပ်ကျယ်အဖြူသည် အဖြူဟုမဆိုထိုက်တော့။ ဝက်ဆီဖက်များမှ အသားစတချို့ကလည်း ကပ်နေသေးသည်။ ဗိုက်ပူပူဖြင့် ဝက်ဆီဖက်များထည့်ထားသည့်ဗန်းကို ထောက်ထားသေးသည်။ အသားပါသည်ဟုထင်ရသည့် ဝက်သားဖက်များကို အဏ္ဏဝါစေ့စေ့ပေါက်ပေါက် ရှာထည့်သည်။ ချိန်ခွင်ကိုကိုင်ထားသည့် ဦးလေးကြီး၏ လက်မောင်းမှအဆီများ တွဲကျနေသည်။
YOU ARE READING
ညို