အခန်း - ၄၂

27.3K 2.6K 314
                                    

"အင်း နိုးနေပြီ။ ဒီနေ့ ကိုခန့်လာမှာမို့လို့ ညို စောစောထတာ"

ထမင်းစားစားပွဲပေါ်သို့ ကော်ဖီခွက်ကိုတင်ရင်း ဖုန်းကို နားနှင့်ပခုံးကြားညှပ်ကာ ပြောလိုက်သည်။ အဏ္ဏဝါ့၏ တစ်ဖက်မှ အိပ်ချင်မပြေသေးသောအသံကလေးကိုကြားနေရ၍ ညိုပြုံးနေတာကို မရပ်တန့်နိုင်။

"သူ့ကို ဟိုရက်တည်းက လာမယ်ထင်တာ"

"သူ မအားလို့နေမှာပေါ့။ မာယာကတော့ မနက်စောစောတည်းက မေမေနဲ့အတူ စျေးကိုသွားတယ်"

"ညို ကျွန်မကိုဘယ်နေ့လာတွေ့မှာလဲ။ ဒါမှမဟုတ် ကျွန်မလာခဲ့လို့ဖြစ်လားဟင်"

ကုလားထိုင်ပေါ်၌ထိုင်ပြီးနောက် ခြေတစ်ဖက်ကိုတင်ကာ ညို စားပွဲသို့ လက်တစ်ဖက်ထောက်လိုက်သည်။

"ဘာဖြစ်လို့လဲလိပ်ကလေး ညို့ကိုတွေ့ချင်နေပြီလား"

"အင်း။ ကျွန်မ ညို့ကိုလွမ်းနေပြီ"

ကော်ဖီတစ်ငုံကိုမော့သောက်ရင်း ညို ခပ်ဖွဖွပြုံးလိုက်မိသည်။ အဏ္ဏဝါ့၏ ထိုသို့သောစကားများမှာ ကြားရခဲလှသည်လေ။

"အားတာနဲ့ ညိုလာခေါ်မယ်လေ"

ပြောနေစဉ်၌ပင် အိမ်ရှေ့တွင် ကားရပ်သံကြားလိုက်ရသည်။ ကိုခန့်လာပြီထင်သည်။ ညို ကော်ဖီကို အကုန်မော့သောက်လိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ်မှထလိုက်သည်။

"ဒါဖြင့် ညနေကျတွေ့မယ်နော်။ လောလောဆယ် အနမ်းလေးပို့လိုက်မယ် ယူထားနှင့်"

အဏ္ဏဝါ၏ ခပ်ဖွဖွရယ်သံကိုကြားအပြီး ညိုဖုန်းချလိုက်သည်။ ထို့နောက် ထဘီကို ခပ်တင်းတင်းပြန်ပြင်ဝင်ပြီးနောက် အိမ်ရှေ့သို့ထွက်ကာ တံခါးဖွင့်လိုက်သည့်အခါ ယောက်ျားတစ်ဦး၏ ခပ်လေးလေးကိုယ်ခန္ဓာက ညို့အပေါ် ပြိုဆင်းလာသည်။

"ညိုရယ်..."

ငိုသံအဖျားခတ်နေသော ထိုယောက်ျား၏အသံ။ ညို့ဘဝ၏ အဆိုးဆုံးအချိန်များ၌ သူ့ရင်ခွင်ထဲ မြဲမြံအောင်ထည့်ထားပေးခဲ့သော ထိုယောက်ျား၏ ငိုနေသောအသံ။ ညို ရုန်းကန်ဖို့မကြိုးစားဘဲ မတ်တပ်စုံရပ်ကာ ငြိမ်သက်နေမိသည်။ ကိုခန့်သည် ဘာစကားတစ်ခွန်းမှ မပြောလာ။ ဖြည်းဖြည်းချင်း တသိမ့်သိမ့်တုန်လာသော သူ့ကျောပြင်ကြောင့် ညို သက်ပြင်းတစ်ချက်ကို စိတ်ကူးထဲ၌သာ ချလိုက်မိသည်။

ညိုWhere stories live. Discover now