အခန်း - ၃၁

34.6K 3.1K 306
                                    

"မေမေ သမီးအင်္ကျီအပြာရောင်လေး မေမေတို့ဘီရိုထဲမှာရှိလား ရှာပေးပါလား"

ဘောပင်ကို နားကြား၌ညှပ်ပြီး အဏ္ဏဝါပြောလိုက်သည်။ စာလုပ်ဖို့ စားပွဲမှာထိုင်တုန်း ပျောက်နေသည့်မိမိအင်္ကျီအကြောင်းစဉ်းစားမိသည်မို့ မနေနိုင်စွာ အခန်းပြင်သို့ထွက်လာကာ မေမေ့ကိုပြောလိုက်ခြင်းပင်။ ဖေဖေကတော့ မေမေ့ဘေးမှာထိုင်၍ (လုပ်ခဲလှသည့်) စစ်ကရက်သောက်ခြင်းကို ပြုမူနေသည်။

"ရှိတယ်ထင်တယ်သမီး။ ဟိုနေ့က မီးပူတိုက်တော့ မေမေသတိထားမိတယ်။ ရှာပေးမယ်"

ထိုအင်္ကျီက ညို့အိမ်ကိုသွားတုန်းက ဝတ်ခဲ့သည့်အင်္ကျီပင်။ သူမ ကိုယ့်အဝတ်ကိုယ်လျှော်ပေမယ့် စာမေးပွဲနီးပြီမို့ မေမေက အကုန် သူသာလုပ်ပေးနေသည်။ အဏ္ဏဝါလည်း စိတ်ရှင်းရှင်းဖြင့် စာကိုသာ ဦးစားပေးလုပ်ပါသည်။ ညို့အကြောင်းလည်းတွေး၏။ ညိုက မတွေ့ရသည့် ဒီရက်ပိုင်းအတွင်း စာလေးများပို့တတ်သည်။

ပထမဆုံးရက်၌ 'ငှက်ကလေးတွေတော့နိုးနေပြီ၊ သူတို့နှိုးလို့ ညိုလည်း နိုးလာတယ်' ဟု ပို့ခဲ့သည်။ ညို့၏ ထိုသို့သော နားမလည်နိုင်သည့် အပြုအမူ၊ စကားများကို သူမ ပိုချစ်ရသည်။

ညိုပို့တဲ့စာတွေထဲ အများဆုံးကတော့ 'ချစ်၏၊ ချစ်ပါ၏' ဆိုသည့် စာလေးပဲ။ ညိုက ချစ်စရာမကောင်းဘူးလားဟင်။ သူမပဲ စိတ်ထင်တာတော့မဟုတ်လောက်ပါဘူး။

"စာတွေဘယ်လိုလဲသမီး အဆင်ပြေရဲ့လား"

ဘီရိုရှေ့၌ ရပ်ကာ မေမေ့ကိုစောင့်နေသည့်အဏ္ဏဝါ့ကို ဖေဖေက လှမ်းမေးသည်။ ညိုနှင့်အတူ ကမ္ဘာသစ်တစ်ခုဆီ ရောက်ခဲ့ပြီးမှ သူမ ဖေဖေ့ကို မျက်နှာချင်းမဆိုင်ရဲပေ။ မည်သည်ကို ရှက်သည်မှန်းမသိ။ မည်သည်ကို အားနာမိမှန်းမသိ။ တကယ်ဆို ထိုကိစ္စဟာ ထိုသို့ဖြစ်စရာတော့လည်း မလိုပါဘူး။ ဖေဖေသိသွားလျှင်လည်း တစ်မျိုးပေါ့လေ။ အခုကတော့ ကိုယ့်ဟာကိုယ် လိပ်ပြာမလုံနေတာ ဖြစ်နိုင်သည်။

"ပြေတယ်ဖေဖေ။ ဆေးလိပ်ဘာလို့သောက်နေလဲ စိတ်ညစ်စရာရှိလို့လားဟင်"

မေမေကမ်းပေးလာသည့် ခေါက်ရိုးကျကျခေါက်ထားသော အင်္ကျီအပြာရောင်လေးကို ရင်၌ပွေ့ကာ အဏ္ဏဝါ ဖေဖေထိုင်နေသည့်ခြေရင်း၌ ထိုင်ချလိုက်သည်။ ထို့နောက် ဖေဖေ့ခြေထောက်များကို နှိပ်နယ်ပေးမည့်ဟန်ပြုသည့်အခါ ဖေဖေက သူ့ပုဆိုးစကို သေချာသိမ်းကာ ဒူးအထိဆွဲတင်ပေးပြီး ခြေကိုဆန့်ပေးလာသည်။

ညိုWhere stories live. Discover now