အခန်း - ၃၄

34.8K 3.2K 397
                                    

ဟင့်အင်း .. ညို့ကို အဲ့မျက်လုံးတွေနဲ့မကြည့်ကြနဲ့။ ညိုသိပ်မုန်းသည်။ ညို့မှာ ဘာအပြစ်မှမရှိပါဘဲ ဘာကြောင့် အသနားခံနေရမှာလဲ။ ဘာအပြစ်မှမရှိလို့ကို သနားနေကြတာဖြစ်မှာပေါ့။ အဏ္ဏဝါ့ရှေ့မှာ ဒီအကြောင်းကိုထုတ်ပြောရတာဟာ ငရဲမီးထဲ လက်ပစ်ကူးနေရသလိုပဲ။ ညို့မှာ ဘာချို့ယွင်းချက်မှမရှိပါဘူး။ ညို့ကိုယုံပါ။ ညိုဟာ ညိုချစ်မိတဲ့လူကို တသသချစ်နိုင်တဲ့သူပါ။ ဖောက်ပြန်ခံရဖို့ ထိုက်တန်နေတဲ့မိန်းမ မဟုတ်ပါဘူး။

"ညို"

"ညို့ကို အချိန်ပေးအဏ္ဏဝါ။ အခုပြန်လိုက်ဦးမယ်"

ဆတ်ခနဲထရပ်ကာ ချစ်ရသူမိန်းကလေးထံ အမြန်သွား၍ ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ သိမ်နုပ်အားငယ်စိတ်ဟာ ဆံပင်ဖျားမှ ခြေဖျားအထိ လွန့်လူးနေသည်။ ရှက်စရာကောင်းတဲ့ အဲ့အတိတ်။ နာကျည်းစရာကောင်းတဲ့အဲ့အတိတ်။ မိန်းမတစ်ယောက်အနေနဲ့၊ သမီးတစ်ယောက်အနေနဲ့ ကိုယ်ကျင့်သိက္ခာကို ထိပါးခံခဲ့ရတဲ့အတိတ်။

"တယောညို။ ဦးရော အန်တီရော မင်းအတွက် ရှိနေပါတယ်။ ခင်ညို့ကို ဒီကိစ္စမပြောရသေးဘူးလို့ထင်တယ်။ ဟုတ်သလား"

ဦးကျော်စွာက ညို့ကို လှမ်းကာဟန့်တားရင်း မေးသည်။ ညို့တစ်ကိုယ်လုံး တုန်ယင်မနေအောင် ထိန်းချုပ်ထားရသည်။ ဘေးနားမှ အဏ္ဏဝါက ညို့လက်ဖဝါးများကို ခပ်တင်းတင်းဆုပ်ကိုင်ပေးထားသည်။ အို .. ဒါကိုက ပင်လယ်ရဲ့ အေးချမ်းမှုလေးပါပဲ။ ဒါကြောင့်လည်း ညိုဟာ လက်ပစ်ကူးခဲ့တာပဲပေါ့။

"ဟုတ်ကဲ့ဦးကျော်စွာ။ မေမေ့ကို ပြောမပြနိုင်တာမို့လို့ ဒီမသတီစရာကိစ္စကြီးကို ညို နှစ်ပေါင်းများစွာ တစ်ဦးတည်း ထမ်းပိုးထားခဲ့ရတာပါ။ ပါပါးနဲ့အသူရာက အသိမိတ်ဆွေတွေအဖြစ်ပဲ လူတွေရှေ့မှာ ခေါ်ပြောခဲ့ကြတာလေ။ အခုတော့ ညို့ကို အချိန်ပေးကြပါဦး။ ညို ရှက်လို့၊ သိမ်ငယ်လို့ ရူးသွားတော့မယ်ထင်ပါတယ်"

ထိန်းချုပ်သော်လည်းမရ။ မျက်ရည်များ တာကျိုးလာသည်။ ဘယ်လိုမိန်းမမျိုးလဲ။ ညိုဟာ ဘယ်လိုမိန်းမမျိုးလဲ။ ဘယ်လို ကံနဲ့ လူတစ်ဦးဖြစ်လာရတာလဲ။

ညိုWhere stories live. Discover now