မိုးရာသီရောက်လုပြီမို့ ရာသီဥတုက အုံ့ဆိုင်းနေသည်။ မီးခိုးရောင် ဝါဂွမ်းစများ ကောင်းကင်၌ အတိုးအဝှေ့ပြေးလွှားနေကြသည်။ မိုးတစ်ခါမှ မရွာသေးပေ။ ခဏခဏ ရွာမလိုလိုဟန်ဖြင့် အုံ့မှိုင်းပြီးမှ တစ်ကြိမ်မျှ မရွာခဲ့။
"အဲ့အိုးက ဒီနားမှာချထားသမီး"
ဖေဖေ့စကားကြောင့် လက်ထဲမှပန်းအိုးကို သူညွှန်ပြသည့်နေရာသို့ အညင်အသာချလိုက်သည်။ ထို့နောက် ခါးကိုမတ်ကာ လက်နှစ်ဖက်ကို တဖက်ဖက်ရိုက်ခါရင်း သက်ပြင်းမောတစ်ချက်ကိုလည်းချလိုက်ရသည်။ ခြံအတွင်း သန့်ရှင်းရေးလုပ်ရင်း အပင်များ သေချာပြန်စီနေသည်မို့ သူမ ဖေဖေ့ကိုကူနေခြင်းပင်။
"ဟိုနားက ကလေးတွေကို ဖေဖေရွှေ့လိုက်မယ်။ သမီး လက်ဆေးပြီး ဝင်နားတော့"
ဖေဖေက သူ့အပင်များကို ကလေးတွေဟု ရံဖန်ရံခါ ခေါ်လေ့ရှိပါသည်။ အဏ္ဏဝါ အိမ်နောက်ဖေးသို့ဝင်လာကာ တိုင်ကီထဲမှ ရေတစ်ခွက်ခပ်၍ ခြေဖမိုးပေါ်သို့ အရင်လောင်းချလိုက်သည်။ အပြင်ဘက်က မိုးခြိမ်းသံကို ရုတ်တရက်ကြားလိုက်ရသည်။ သူမ မွေးလဖြစ်သည့် မေလအတွင်းသို့ရောက်သည်နှင့် ဤအသံကို နားယဉ်နေသည်။ လက်နှစ်ဖက်ကို ဆပ်ပြာတုံးဖြင့် သေချာပွတ်ပြီးနောက် လက်ချောင်းများကြားထဲသို့ စေ့စေ့ပေါက်ပေါက် ပွတ်တိုက်ဆေးကြောရသည်။
"မေမေ သမီးဖုန်းလာသံကြားသေးလား"
မေမေ့အရှေ့ရှိ စားပွဲခုံပေါ်၌ တင်ထားခဲ့သည့် သူမဖုန်းကိုလှမ်းကြည့်ရင်း မေမေ့ကိုမေးတော့ မေမေက ခေါင်းခါပြသည်။ ရေအိုးစင်ဘေး၌ ရပ်ရင်း အဏ္ဏဝါ ရေခပ်မသောက်ရသေး။ ဒီနေ့နဲ့ဆို ညိုနဲ့မဆက်သွယ်ရသေးတာ လေးရက်ရှိပြီ။
"မိုးကလည်းကွာ ရွာမှာဖြင့်မရွာဘူး။ နေရခက်ခက်ရယ် ပူလိုက်တာအရမ်းပဲ"
ဖေဖေက အိမ်ထဲသို့ဝင်လာရင်း သူ့လည်ပင်းမှ ချွေးများကို လက်ဖြင့် ခပ်ကြမ်းကြမ်းသပ်ချကာ ပြောနေသည်။
"ရေမချိုးနဲ့ဦးနော်မောင်။ အပူရှပ်မယ်"
"ဟုတ်ကဲ့ပါဗျာ"
ဖေဖေ့အပြောကို အဏ္ဏဝါ ခပ်ဖွဖွပြုံးရင်း ရေတစ်ခွက်ခပ်သောက်လိုက်သည်။ ထို့နောက် မေမေ့ဘေးသို့ ဝင်ထိုင်သည်။ မေမေသည် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည်။ အိမ်နောက်ဖေးမှ ဖေဖေ ခြေလက်ဆေးနေသည့် ရေသံကိုကြားနေရသည်။ မိုးခြိမ်းသံကလည်း သဲ့သဲ့။ အိမ်အပြင်သို့လှမ်းကြည့်သော် နေရောင်ကိုမမြင်ရတော့။ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှိန်လာသည်။
YOU ARE READING
ညို