ထိုသို့ ဤသို့နဲ့ နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ရွေ့လျားလာတယ်။ ညိုတစ်ယောက် ကားတစ်စီးနဲ့ အိမ်ရှေ့ကိုရောက်လာတာ ရက်ပေါင်းမနည်းပေါ့။ မေမေနဲ့ဖေဖေကတော့ အဏ္ဏဝါ့ကို ညိုဟာ ခင်တွယ်ရှာသားလို့ ကောက်ချက်ချပြီး ကရုဏာသက်တယ်။ တကယ်တော့ ညိုက သူမကိုခင်တွယ်နေတာမဟုတ်ကြောင်း သူမပဲခံစားလို့ရတာ။ ညို့စိတ်ထဲဘာတွေဖြစ်နေတယ် ညိုဘာတွေတွေးသလဲ ညိုဘာတွေဖြစ်ချင်သလဲ လုပ်ချင်သလဲ အဲ့ဒါတွေကို အဏ္ဏဝါဘာမှမသိရဘူး။ ညိုက အမြဲတမ်းအဏ္ဏဝါ့ရဲ့စိတ်ထဲ ဝင်ခွေပြီး ဘယ်အချိန်မှာ အဆိပ်တွေ ထုတ်ချပြန်သွားမလဲဆိုတာကို ရင်မောစွာနဲ့ စောင့်နေတာ။
ညို့ကိုနားမလည်နိုင်တာကတော့ ယောက်ျားမိန်းမတွေကို ညိုမြင်တဲ့အမြင်ပဲ။ မိန်းမချင်းချစ်တာကို လက်ခံလားဆိုတဲ့ ခေါင်းစဉ်နဲ့ အဏ္ဏဝါတို့နှစ်ယောက် ကတောက်ကဆဖြစ်ဖူးတယ်။ အဲ့နေ့က မှတ်မှတ်ရရ ညို့အိမ်ကို သွားတဲ့နေ့က။ အမြဲတမ်း ဆေးရုံအပေါ်ကွေ့နားရောက်ရင် ကားကွေ့ဖို့အတွက် ခဏစောင့်ရတတ်တယ်။ စာမေးပွဲနီးလို့ ကျောင်းပျက်မရတာသိရက်နဲ့ ညိုက အဲ့နေ့က မနက်အစောကြီး အိမ်ကိုလာပြီး ညိုနဲ့တစ်ရက်လောက်လာနေပေးပါကွယ် လို့ အမိန့်ချတာ။
အတိတ်ကိုပြန်စဉ်းစားကြည့်တော့ ခပ်ရေးရေးပေါ်လာတာတွေက နည်းနည်းစုံတယ်။ ညို့ပါပါးရဲ့ အောက်ဆီဂျင်ရှူနေရတဲ့ပုံရိပ်တွေ၊ ကုတင်ဘေးမှာ ခြေတဖက်ချိတ်ထိုင်ပြီး သူ့အဖေကို စိုက်ကြည့်နေတတ်တဲ့ညို။ ပြီးတော့ အဲ့ဆေးရုံခန်းထဲ ဝင်လိုက်ထွက်လိုက်လုပ်နေတတ်တဲ့ အဖြူကောင်ယောက်ျားတစ်ယောက်လည်းပါသေးတယ်။ အသေးစိတ်တော့တကယ်မမှတ်မိဘူး။ အဏ္ဏဝါမတတ်နိုင်ဘူးလေ။
အဲ့နေ့က ဆေးရုံအပေါ်ကွေ့မှာ ကားခဏရပ်ပြီး စောင့်နေရတုန်းပေါ့။ ညိုက လမ်းမဘေးက ယောက်ျားတစ်ယောက်ကိုမြင်တော့ ကားမှန်ကိုချပြီး လက်လှမ်းပြတယ်။ အဲ့ယောက်ျားရဲ့မျက်လုံးတွေ အရောင်လက်သွားပုံများ အဏ္ဏဝါ့ရင်ထဲ မိုးကြိုးပစ်သလိုမျိုးပဲ။
"ကိုလွန်းခ ကားပျက်နေတာလား"
ဘယ်ဘက်ကိုကွေ့ရမယ့်အစား ကားကို လမ်းမညာဘက်အခြမ်းဆီ ညိုမောင်းသွားပြီး ရပ်လိုက်တည်းက အဏ္ဏဝါ အရှုံးသမားလို ခံစားသွားရတာပဲ။
YOU ARE READING
ညို