အခန်း - ၁၈

41.5K 3.7K 416
                                    

"ကျွန်မတော့ ညို့ကို နားမလည်နိုင်ဘူး"

ပန်းချီကားဆီမှ အကြည့်လွှဲပြီး ကြမ်းပြင်၌ ထိုင်ချမိသည်။ ညိုဟာ သူမကို ဘယ်လိုကစားရမလဲ ကောင်းကောင်းကြီးသိပြီး၊ သေချာပေါက် ကစားနေသည်ဟုလည်း ထင်သည်။

"ဘာဖြစ်တာလဲ"

နားမလည်ဟန်နဲ့ မေးလာသည့် ညို။ အဏ္ဏဝါ သူ့ကိုမော့ကြည့်တော့ဖြင့် သူက တကယ်မသိရိုးမှန်တဲ့မျက်ဝန်းတွေနဲ့ပါ။ ညို .. ညို။ ဒီမိန်းမက သိပ်ကြောက်ဖို့ကောင်းတယ်။

"ညို ကျွန်မကို ပရောပရည်လုပ်နေတယ်။ ဒါကိုကျွန်မသိတယ်။ ဒါပေမယ့် ကျွန်မကို ချစ်လည်းမချစ်နိုင်ဘူးမလား"

ထိုသို့ပြောသည့်အခါ ညိုက အဏ္ဏဝါ့ဘေး၌ ထိုင်ချသည်။ ဒူးနှစ်ဖက်ထောင်ကာ၊ လက်များဖြင့် ထိုဒူးနှစ်ဖက်ကိုပွေ့ဖက်ထားသေးသည်။ ပြီးသည့်အခါ အဏ္ဏဝါ့ကို မှန်းမှန်းဆဆကြည့်သည်။

"ညို မင်းကို ပရောပရည်မလုပ်ရပါဘူး။ ပြောခဲ့သမျှက စိတ်ရင်းတွေပဲလေ အဏ္ဏဝါ။ စိတ်ရင်းတွေကို ပရောပရည်စကားတွေလို့ထင်တာ ညို့ကိုအထင်သေးတာပဲ"

"မဟုတ်.."

ပြောဖို့ရွယ်ထားသည့်စကားများကို ဆက်မပြောနိုင်တော့။ တယောညို .. ဒီမိန်းမ အဲ့လိုပဲ မျက်ရည်လေးဝဲပြပြီး အသနားခံတာတွေ ဘယ်တော့မှရပ်မှာလဲ။

"နေပါဦး ဘာလို့မျက်ရည်က ဝဲနေတာလဲ။ အဏ္ဏဝါဘာပြောရသေးလို့လဲ ညို့ကို"

အဏ္ဏဝါမေးတော့ ညိုက ငိုတော့ငိုမချပါ။ သို့သော် နှုတ်ခမ်းကို အရှေ့သို့အနည်းငယ်ဆူသည်။ မျက်မှောင်များ ကျုံ့သွားသည်။ နှာဖျားကလေးများ ဖြတ်ခနဲလှုပ်ရှားသွားသေးသည်။

"ဆူနေတာမဟုတ်ဘူးလား။ ဆူနေလို့ ဝမ်းနည်းတာလေ"

"ဟောတော်"

မိမိထက် အသက်ရှစ်နှစ်ကြီးသည့်မိန်းမ၏ ဝမ်းနည်းနေဟန်သည် ဤသို့ချစ်ဖို့ကောင်းမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။ ညိုသည် အစာမရသည့် ယုန်တစ်ကောင်ကဲ့သို့လည်းကောင်း နားရွက်ဖျားကလေးများ ညွတ်ကျနေသည်ဟုပင်ထင်ရသည်။

ညိုWhere stories live. Discover now