Unicode
အခန်း(၁၁) - ကျိုးမိသားစု၏ အရေးကိစ္စ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel“အဲ့အတိုင်း သူမပြောလိုက်တာပဲ… ဒါပေမယ့် သူတို့အတွက် နည်းနည်းကြီးချုပ်ပေးလိုက်ဦး… သူတို့တွေက မြန်မြန်ကြီးလာမှာ “ ကျိုးအမေက သူတို့ကို အလွန်ချစ်မြတ်နိုးနေဆဲဖြစ်တာကြောင့် ဒီလိုပြောလာတာဖြစ်သည်။
“အဲ့လိုလုပ်ပေးရမှာပေါ့။“ တတိယမရီးက သေချာပြန်ပြောလိုက်သည်။
ကျိုးအမေက ခေါင်းညိမ့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ တကယ်တော့ စတုတ္ထ ချွေးမကလွှဲလို့ တခြားသုံးယောက်က သူမကို စိုးရိမ်ရအောင် မလုပ်ကြဘူး။
တတိယမရီးသည် သူမစိတ်ထဲ အကြမ်းဖျဥ်းခန့်မှန်းကြည့်လိုက်သည်။ ကျိုးလောင်တ နှင့် သူ့ညီတွေအတွက် ပြီးသွားရင်တောင် အထည်သားတွေ အများကြီးကျန်နေဦးမှာ… အရင်ကကျန်ထားတာနည်းနည်းထပ်ပေါင်းလိုက်ရင် သူမရဲ့သမီးအတွက် အနွေးထည်တစ်ထည် လုပ်ပေးနိုင်သေးတယ်။
စတုတ္ထရဲ့ဇနီးပေးလိုက်တဲ့ သကြားညို ၂ ကျင်း ပါ ထည့်တွက်လိုက်ရင် ဒီအပြုအမူက အရမ်းစေတနာကောင်း ရက်ရောနေပြီ။
အဲဒါကို တွေးကြည့်လိုက်တာနဲ့ တတိယမရီးက အရမ်းကျေနပ်သွားသည်။ ဒါပေမယ့် အခုတော့ ဒီအတွက် အချိန်မပေးနိုင်သေးဘူး။ သူမက အစနဲ့ ဂွမ်းစများကို သူမအခန်းထဲ ထည့်ပြီး ကျိုးအမေကို ကူညီရန် မီးဖိုချောင်ဆီ သွားလိုက်သည်။
ပြောရရင် အစတုန်းက မူလပိုင်ရှင် ပြောင်းရွေ့သွားတာနဲ့ပတ်သက်ပြီး လူတိုင်း မကျေနပ်ကြပေမယ့် အချိန်ကြာလာတော့ အဲဒါက တော်တော်ကံကောင်းတာလို့ လူတိုင်း ခံစားမိလာကြသည်။
ဘာကြောင့်လဲဆိုတော့ မူလပိုင်ရှင်က တစ်ခါမှ အလုပ်မလုပ်ဘူး။ လက်ထပ်ပြီးစကတည်းက ဒီကနာတယ် ဟိုကအောင့်တယ်နဲ့ ပြောတတ်တယ်။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် အလုပ်မလုပ်တော့ဘူး။
ဒါပေမယ့် သူမ အလုပ်မလုပ်ရင် အလုပ်အမှတ်ကို ဘယ်ကရမှာလဲ…. ဒါက ထမင်းအလကားစားနေတာပဲ… သူမမှာ လက်ကော ခြေကော ရှိနေတာကို တစ်မိသားစုက သူမကို ထောက်ပံ့နေရသေးတယ်။