အခန်း (၁၇၀) - စတုတ္ထ၏ ကံကောင်းမှုကို မနာလိုဖြစ်ကြခြင်း
ရပ်ရွာ၏ အလယ်တန်းကျောင်းတွင် ပထမနှစ်ကလေးများကို စာသင်ပေးရမည့် ဆရာမဖြစ်သွားသော လင်းချင်းဟယ်၏ အောင်မြင်မှုသည် မကြာမီပင် ရွာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
၎င်းက ကျိုးကျားရွာ တစ်ရွာလုံးကို အုတ်အော်သောင်းတင်း ဂယက်ရိုက်သွားစေသည်။
ဘာ...
ကျိုးချင်းပိုင်ရဲ့ အသုံးအဖြုန်းကြီး လက်ဖွာတဲ့ ဇနီးသည်က အလယ်တန်းကျောင်းမှာ ပထမနှစ် သင်္ချာဆရာမ ဖြစ်သွားတယ် ဟုတ်လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက သတင်းအမှားကြီး ဖြစ်ရမယ်။ ကောလဟာလတစ်ခုပဲနေမှာ...!
ရွာထဲကလူတွေ မဆိုထားနဲ့ ကျိုးအိမ်ရှိ တခြားမိသားစုဝင်တွေတောင် ထိုသတင်းကို ကြားသောအခါ အလွန်အံ့အားသင့်သွားကြသည်။
လင်းချင်းဟယ်တစ်ယောက် တစ်ကိုယ်တည်း သီးသန့်စာလေလာ့နေသည်ကို တွေ့မြင်ဖူးထားသဖြင့် တတိယမရီးသည် ထိုကိစ္စကို ကောင်းကောင်းမွန်မွန် လက်ခံနိုင်ခဲ့သည်။ ထို့အပြင် သူမ၏ လက်ရေးက အထူးလှပကောင်းမွန်လှသည်။
သူတို့၏အိမ်စာများကို စတုတ္ထအဒေါ်က သင်ကြားပြသပေးကြောင်း တာ့နီနှင့် အခြားသူများထံမှ အကြီးဆုံးမရီးဖြစ်သူက ကြားသိခဲ့ရသည်။ တတိယမရီးဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ထိုအကြောင်းကို လက်ခံရန် မခဲယဉ်းကြောင်း တွေ့ရှိခဲ့သည်။
ဒုတိယမရီးကတော့ ထိုသို့မလုပ်နိုင်ခဲ့ပေ။ သူမသည် ထိုကိစ္စအား လုံးဝ လက်မခံနိုင်အောင် ဖြစ်နေခဲ့သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာလို့လဲ။ လင်းချင်းဟယ်၏ပုံစံအတိုင်းဆိုလျှင် သူမကို ရပ်ရွာ၏ အလယ်တန်းကျောင်းမှာ ပထမနှစ် သင်္ချာဆရာမအဖြစ် မည်သို့ လက်ခံနိုင်မည်နည်း။
ဒီလိုလူမျိုးကို တကယ် သင်ကြားခွင့်ပေးရအောင် ရပ်ရွာအသိုင်းအဝိုင်းထဲမှာ မည်သူ တစ်ဦးတစ်ယောက်မှ မကျန်ရှိတော့လို့လား။
"နင်ရဲ့ စတုတ္ထမတ်က သူ့အဆက်အသွယ်ကို သုံးလိုက်တယ်လို့ နင် ထင်လား။" သူမနှင့် ဆက်ဆံရေး ကောင်းမွန်သော ဝမ်လင်းက မနေနိုင်ဘဲ မေးလိုက်သည်။