Unicode
အခန်း (၁၁၇) - ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်မည့်အချိန်ကို စောင့်မျှော်နေသည်
စုတာ့လင်း ထွက်သွားပြီးနောက် လင်းချင်းဟယ်သည် ကလေးသုံးယောက်ဖြင့် ခရိုင်မြို့ပေါ်မှာ လည်ပတ်ကြသည်။
ညီအစ်ကိုတွေက ဆက်လက်ပူဆာခဲ့ကြသည်။ လင်းချင်းဟယ်က အေးစက်စွာ ပြုံးရင်း "အစကတော့၊ ငါ နင်တို့ကို ထန်ဟူလုတစ်ချောင်းလောက် ဝယ်ကျွေးမလို့လုပ်ထားတာ၊ အခုတော့ ဝယ်မကျွေးတော့ဘူး။"
"ကျွန်တော်တို့အားလုံး ကိုယ့်အမှားကိုယ်သိပါပြီ။" လောင်တက ပြောသည်။
"နင်တို့ ဘာကို သိတာလဲ။ နင်တို့ရဲ့ အမှားကို နင်တို့ သိတယ် ဆိုရင်တောင် နင်တို့ အမှားကို ကျူးလွန်ခဲ့ပြီးတာက မပြောင်းလဲသွားဘူးလေ။" လင်းချင်းဟယ်က သနားညှာတာမှုကို လုံးဝမပြသပေ။
"အမေ၊ မြို့ပေါ်ကို တစ်ခေါက်လောက် ရောက်ဖြစ်ဖို့ ရှားပါးတယ်၊ ကျွန်တော်တို့အတွက် ထန်ဟူလုလေးတစ်ချောင်းလောက် ဝယ်ပေးပါနော်။" လောင်အာ့က ထပ်လောင်းပြောဆိုသည်။
"သားလည်း မှားမှန်းသိပါပြီ။" လောင်စန်းလေးကလည်း သူတို့ရဲ့ မိခင်ဖြစ်သူကို သနားစဖွယ် အသွင်လေးဖြင့် ကြည့်ကာ အသနားခံ ပြောဆိုခဲ့သည်။
လင်းချင်းဟယ်သည် ဒီညီအစ်ကိုသုံးယောက်ရဲ့ အပြုအမူကို တစ်ချက်ကြည့်ပြီး အရမ်း ကြမ်းကြမ်းတမ်းတမ်း မပြုမူတော့ဘူး။ သူမက "ငါ နင်တို့ကို တစ်ချောင်းတော့ ဝယ်ပေးနိုင်တယ်၊ ဒါပေမယ့် နင်တို့ ဒီနေ့ မစားရဘူး။ ငါတို့ ထန်ဟူလုကို အိမ်ပြန်ယူသွားပြီး သိမ်းဆည်းထားမယ်၊ အဲ့တာကို နင်တို့ မနက်ဖြန်မှ စားရမယ်။"
"အမေ..."
ကောင်ဆိုးလေး သုံးယောက်က သူတို့အမေကို ပူဆာလိုက်တာနဲ့ လင်းချင်းဟယ်က ချက်ချင်း "နင်တို့ လိုချင်လား မလိုချင်ဘူးလား ဆိုတာကိုပဲ ပြော" လို့ ကြားဖြတ်ပြောလိုက်သည်။
"လိုချင်ပါတယ်။" သူတို့ ဒီစကားကလွဲလို့ တခြားဘာစကားကို ဆိုနိုင်ဦးမှာလဲ၊ ဝယ်မကျွေးတာထက်စာရင် သိမ်းထားပြီး မနက်ဖြန်မှစားရမယ် ဆိုတာက တော်ပါသေးသည်။