Unicode
အခန်း(၁၀၂) - ကလေးများကို ပြုစုပျိုးထောင်ခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowelအိမ်ထောင်ကျပြီးပြီ ဖြစ်သောကြောင့် သူတို့တွေက မိဘအိမ်၏ မိသားစုကိစ္စနှင့် ပတ်သက်ပြီး ဘာမှဝင်ပြောခွင့်မရှိတော့ပေ။ သူတို့တွေက တစ်နှစ်မှာ အကြိမ်အနည်းငယ်မျှသာ မိဘဆီ ပြန်လာသည့်အတွက် ဒီအငြင်းပွားဖွယ်ရာကိစ္စကို ဒီတိုင်း ထားခဲ့တာက ပိုကောင်းသည်။
နေ့လည်စာစားချိန်တွင် သူတို့သည် အတူတကွ ဝိုင်းဖွဲ့စားသောက်ကြသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကလေးများကို နေ့လည်စာ စားရန် အိမ်သို့ ပြန်ခေါ်သွားသဖြင့် ဝင်ရောက်ဝိုင်းဖွဲ့ခြင်း မရှိခဲ့ပေ။
ဒုတိယမရီး၏ ကိုယ်ဝန်နှင့် ပတ်သက်၍ လင်းချင်းဟယ်က မသိရှိသေးချေ။
သုံးရက်မြောက်နေ့တွင် သူမတို့တစ်မိသားစုလုံးသည် အဆင်သင့်ပြင်ဆင်ကာ လျှောက်လည်ရန် ခရိုင်မြို့သို့ တန်းတန်းမတ်မတ် သွားကြသည်။
ကိုးနာရီတွင် ခရိုင်မြို့သို့ သူတို့ ရောက်ရှိသွားကြသည်။ မိသားစုသည် မြို့ထဲတွင် အရင် လည်ပတ်ကြသည်။ အစကတော့ လင်းချင်းဟယ်သည် ဆေးရုံသို့ သွားချင်ပေမယ့် ကျိုးချင်းပိုင်က သူမကို ဘာကြောင့် ဆေးရုံသွားချင်တာလဲလို့ မေးမြန်းသည့်အခါ လင်းချင်းဟယ်က သူ့ကို စိတ်ပူသည့်အကြည့်ဖြင့် ကြည့်ပြီး နေကောင်းကြောင်း ပြောပြသည်။ နောက်ဆုံးတော့ ကွန်ဒုံးဝယ်ရန် ဆေးရုံသို့ သူမသွားချင်နေသည့် အမှန်တရားကို ကျိုးချင်းပိုင် သိသွားခဲ့သည်။
ကျိုးချင်းပိုင်က ကွန်ဒုံးဆိုတာ ဘယ်လိုအရာမှန်း မေးပြီးနောက် သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"နှစ်သစ်မှာ ဒီလိုမလုပ်ပါနဲ့။ ကျွန်မတို့ ပျော်ဖို့ အပြင်ထွက်လည်ကြတာလေ။" လင်းချင်းဟယ်က ချော့လိုက်သည်။
ထိုအခါမှသာ ကျိုးချင်းပိုင်သည် သူ့ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ နှစ်သစ်ကူးကာလမှာ ဆေးရုံသွားတာ မကောင်းဘူးဆိုသည့် သဘာဝကျသော သူ၏ ဆုံးမစကားများကိုတော့ သူမ နားထောင်လိုက်ရသေးသည်။ သူမကို မသွားရန် ပြတ်ပြတ်သားသား တားမြစ်ခဲ့သည်။