Unicode
အခန်း (၁၄၁) - လစန္ဒာ ဒီဇင်ဘာ
သူမ ကိုယ်ပိုင်အိမ်သို့ အပြန်လမ်းတွင် လင်းချင်းဟယ်က စိတ်ရောကိုယ်ပါ ပေါ့ပါးနေသည်။
လင်းအိမ်ဟောင်းအတွက်မူ သူမ၏ စစ်အင်္ကျီကြောင့် သူတို့ နောက်တစ်လှည့် ရန်စမှာကို စိတ်အနှောင့်အယှက် ဖြစ်ခံစရာ မလိုတော့ပေ။
သူမသည် မူလကိုယ်၏ ခန္ဓာကိုယ် ဆက်ခံထားသောကြောင့် သူမ၏ မိဘများပေါ် သားသမီးဝတ်ကျေပြီး မောင်နှမများကို ဂရုစိုက်လိမ့်မည်ဟု မယူဆလေနှင့်။
သူတို့က ကောင်းလျှင်တော့ သူမက ကူညီပေးမှာပဲ ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် လွန်ကဲစွာ ရိုင်းပျခြင်း မပြုသင့်ပေ။
သို့သော် ထိုကဲ့သို့ မိဘမောင်ဘွားတို့ကို ကောင်းရမည်လော။
သူတို့ဆီ အကူအညီအချို့ ပေးတာ လိုချင်နေသည်လေ။ ယင်းက မဖြစ်နိုင်၊ လုံး၀ မဖြစ်နိုင်ပေ။
သူမက ကျိုးအိမ်ဟောင်းသို့ ပျော်ရွှင်စွာ ပြန်လာသည်။ ကျိုးချင်းပိုင်က သူမကို အိမ်တွင် စောင့်နေသည်။ သူမ မြန်မြန်ဆန်ဆန် ပြန်ရောက်လာပြီး သူမ၏ စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်နေသည်ကို မြင်သောအခါ သူက ပြောလိုက်သည်။
"အားလုံး အဆင်ပြေလား"
"ပြေတယ်" လင်းချင်းဟယ်က စက်ဘီးဒေါက်ထောက်ပြီး မေးလိုက်သည်။
"နေ့လယ်ကျ ရှင် ဘာစားချင်လဲ၊ ရှင့်အတွက် ချက်ပေးမယ်"
"မင်းသဘော" ကျိုးချင်းပိုင်က သူမကို ကြည့်ပြီး ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က စိတ်ကောင်းဝင်နေပြီး မီးဖိုချောင်ထဲ ဝင်သွားတော့သည်။
အေးနေသော်ငြား သူမက ပဲနောက်ရည်နှင့် ခေါက်ဆွဲ လုပ်နိုင်သေးသည်။ သူမသည် ယခင်တည်းက ငရုပ်နှစ်များ လုပ်ထားပြီးဖြစ်ရာ ယခုအချိန်တွင် ခေါက်ဆွဲနှင့် စားရန် အကောင်းဆုံး ဖြစ်သည်။
သူမက အသားအချဉ်ရည်နည်းနည်း လုပ်ပြီး ခေါက်ဆွဲပေါ် ဆမ်းလိုက်သည်။ အစပ်အရသာ စားလိုလျှင် အစပ်ရည်ကို အနည်းငယ် ခပ်ထည့်ရုံပဲ ဖြစ်သည်။ ထိုအခါ အရသာက ပိုတောင် ကောင်းသွားပေမည်။