Unicode
အခန်း(၃၅) - ဗီလိန်တို့၏အဖေ စိတ်သက်သာရာရခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowelလင်းချင်းဟယ်သည် ဒီလူကို အကဲခတ်လေ့လာလိုက်သည်။ သူ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုကို သူမ တွေ့လိုက်ရတော့ အနည်းငယ် လန့်ဖျပ်သွားမိသည်။ ကြည့်ရတာ သူ ပြသထားသလို မတုန်မလှုပ်တာတော့ မဟုတ်ဘူးပဲ။
သူ့စိတ်ထဲမှာ တကယ်ကို စိတ်ပူနေသည်။ ဒီခံစားချက်တွေကို သူ ဘယ်လို ဖော်ပြရမလဲ မသိတဲ့အတွက်ကြောင့် သူ လုံးဝ ဂရုမစိုက်တဲ့ပုံ ပေါ်နေတာ ဖြစ်မယ်။
ကျိုးချင်းပိုင်ကလည်း သူမကို စစ်ဆေးလေ့လာနေသည်။ သူမ၏မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ၊ မယုံကြည်မှုများနှင့် မသိုသိပ်ထားသော ဆုံးရှုံးမှု၏ အရိပ်အမြွတ်ကို သူ မြင်လိုက်သည်။ စိတ်ပျက်စိတ်ထိခိုက်ခြင်း ဒါမှမဟုတ် မျှော်လင့်ချက်ပျက်သုန်းခြင်း စသည့် အစွန်းတစ်စမျှ မပါရှိချေ။
ဒါက သူ့ကို အံ့သြထိတ်လန့်စေသည်။
သူ့ကို ပိုပြီး အံ့သြတုန်လှုပ်စေခဲ့တာကတော့ လင်းချင်းဟယ်၏ နောက်ဆက်တွဲ စကားပင်။
" ဒါဆိုလည်း အငြိမ်းစားယူပေါ့။ အိမ်မှာ ယောကျာ်းသားတစ်ယာက် လိုတယ်။ မဟုတ်ရင် ညမှာ အေးအေးဆေးဆေး အိပ်နိုင်မှာ မဟုတ်ဘူး " သူမ၏ကံကြမ္မာကို လက်ခံလိုက်သလိုပဲ သူမပခုံးတွေက နိမ့်ကျသွားပြီး စကားသံထွက်လာသည်။
ဒီစကားက ကျိုးချင်းပိုင်၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ မနေ့ညက သူ ပြန်လာချိန် တံခါးခေါက်လိုက်သောအခါ တံခါးဝမှာ ကြမ်းတမ်းတဲ့စကားတွေ သူမ ပြောခဲ့တာကို သူ အမှတ်ရသွားသည်။
" ညဘက် လာနှောင့်ယှက်ဖို့ တစ်စုံတစ်ယောက် လာရဲတာလား " ကျိုးချင်းပိုင်က အသံနက်ကြီးဖြင့် မေးလိုက်သည်။
လင်းချင်းဟယ်က သူမမှာ အသက်ရှင်စရာ အကြောင်းမရှိသလိုပုံစံ ပေါ်နေသည်။ သူမက အင်အားမဲ့စွာ တုံ့ပြန်သည်။ " မဟုတ်ပါဘူး… အဲဒါက တစ်ကြိမ်တည်းပါပဲ။ အပြင်မှာ တစ်စုံတစ်ယောက် နံရံပေါ် ကျော်တက်လာသလို ကျွန်မ ခံစားမိခဲ့တာ။ အဲဒီတုန်းက ကျွန်မ မအိပ်သေးတာကြောင့် ချက်ချင်း အော်လိုက်တယ်။ ရှင်သိတဲ့အတိုင်း နေရာတိုင်းမှာ ကျွန်မတို့အိမ်နီးချင်းတွေ ရှိနေလို့ သူခိုးတွေ ထွက်ပြေးသွားကြတယ်။ အမှန်တကယ် ဆုံးရှုံးသွားတာတော့ မရှိပါဘူး "