Ch 21

912 91 0
                                    

ရှက်ရွံ့စွာ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင်တော့
ဆရာ့ အထိအတွေ့၊ ဆရာ့ ကိုယ်သင်းနံ့တို့မှာ စိုင်း နက်နက်ရှိုင်းရှိုင်းယစ်မူးတွယ်တာလာလေလေ ဆရာ့ခန္ဓာကိုယ်နှင့် ပက်သက်၍ ဒီ့ထက်ပိုပြီး သိချင်စိတ်ပြင်းပြလာလေလေဖြစ်ခဲ့ရသည်။ 

ဆရာ့ခန္ဓာကိုယ်ပေါ်၌ မှည့်ဘယ်နှစ်ခုရှိသလဲဟု စိုင်း စေ့စေ့စပ်စပ် ရေတွက်ကြည့်ချင်သည်။
ဆရာ့ခြေသလုံးနှင့်ပေါင်တံတို့မှာ ငယ်စဉ်က ဆော့ကစားရင်း ပွန်းပဲ့ထိခိုက်ဒဏ်ရာလေးများ ရှိလေမလားဟု တစ်ခါလောက်တော့ မြင်တွေ့ဖူးချင်သည်။ နောက်ပြီး Body Spray မသုံးဘဲ ပကတိအတိုင်းတည်ရှိနေမည့် ဆရာ့၏ ကိုယ်သင်းနံ့ကို စိုင်း ပန်းတစ်ပွင့်ရှိုက်သလို မက်မက်မောမာ ရှိုက်ကြည့်ချင်သည်။ ဆရာ့ရင်ဘတ်မှာ ပါးအပ်လျက်ပွေ့ဖက်လိုက်လေတိုင်း တဒိတ်ဒိတ်ခုန်နေလျက်ရှိသော နှလုံးခုန်သံကို အထိအတွေ့နှစ်ခုကြားမှာဘာအင်္ကျီစ အကာအရံမှမရှိဘဲ ချစ်ခင်နွေးထွေးစွာ နားထောင်ကြည့်ချင်သည်။

ပထမတော့ ကိုယ့်အတွေးကိုယ် ရှက်ရွံ့နေပြီး  ထိုအတွေးများကို ချက်ချင်း မောင်းထုတ်ပစ်လိုက်ရသည်။ နောက်တော့လည်း ကန့်သတ်ထိန်းချုပ်မထားတော့ဘဲ လွတ်လပ်စွာ လွှတ်ပေးထားလိုက်တော့၏။ တစ်ရက်သား
နောက်တစ်ပတ်မှာ ရောက်လာတော့မည့် ကျူတိုရီရယ် စစ်ဆေးမှုအတွက် စာကျက်နေတုန်း ဆရာ အင်္ကျီချွတ်လျက် ရေချိုးခန်းထဲဝင်သွားခဲ့၏။
ကြွေပြားပေါ်သို့ ရေပန်းတဖွားဖွားကျလာသည့်အသံကိုကြားသည့်အခါ စိုင်း ဘယ်လိုမှစိတ်တည်တံ့မှုမရတော့ဘဲ စာကျက်ခြင်းကို ရပ်တန့်ပစ်လိုက်ရသည်။
ဆရာ့ခန္ဓာကိုယ်နှင့် ရေစက်ရေပျောက်များထိတွေ့ရာမှဖြစ်ပေါ်လာသည့် တရှဲရှဲမြည်သံသည် စိုင်း၏ စိတ်အာရုံကို ရေချိုးခန်းထဲသို့ရောက်သွားအောင် ချက်ချင်း ညှို့ယူဆွဲခေါ်သွားခဲ့လေသည်။

စိုင်းသည် ဆိုဖာခုံပေါ် အသာအယာပက်လက်လှန်လဲလျောင်းလိုက်ရင်း မျက်စိအသာမှိတ်လိုက်သောအခါ
ရေပန်းအောက်က ဆရာ၏ အဝတ်ဗလာ ခန္ဓာကိုယ်လှုပ်ရှားမှုကို အိပ်မက်တစ်ခုလို ဝေဝါးမှုန်ရီစွာ မြင်ယောင်လာခဲ့ပြီး ရင်တဒိတ်ဒိတ်ခုန်လာခဲ့သည်။
ဆရာ၏ ဆံပင်အဖျားမှစပြီး သွေးကြောစိမ်းများထလျက် ဖြူဖွေးသန့်ရှင်းနေမြဲဖြစ်သော ခြေဖမိုးအဆုံးထိ ကြွက်သားအဆင့်ဆင့်ကိုဖြတ်သန်းစီးဆင်းသွားခဲ့သော ရေစက်ရေပျောက်ကလေးများကို  စိုင်းမနာလိုဖြစ်ချင်လာသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now