စူးလက်လင်းဖြာလျက်ရှိသော အခန်းတွင်းအလင်းရောင်အောက်၌ စိုင်း မျက်လုံးဖွင့်ဖွင့်ရရချင်း ပထမဆုံးခံစားရသည်မှာ ငါမသေသေးပါလားဟူသည့်အတွေးဖြင့် စိတ်ပျက်ဝမ်းနည်းသွားခြင်းဖြစ်သည်။ မိမိဘေး၌ ဆရာ မရှိနိုင်တော့သည့် ဘဝကြီးမှာ စိုင်း ကျေနပ်ပျော်ရွှင်စွာ ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ ဘယ်လိုမှဖြစ်နိုင်မည်မဟုတ်။
သည်အချိန်လောက်ဆိုရင် ဆရာတို့
မင်္ဂလာဆောင်ပြီး တရားဝင်အကြင်လင်မယားအဖြစ်ရောက်ရှိသွားလောက်ရောပေါ့ဟု စိုင်း တွေးမိပြီး ရင်ဘတ်ထဲ ပူလောင်တင်းကျပ်သည့် ဝေဒနာကိုခံစားလိုက်ရသည်။
စိုင်းသည် လက်ဖျံထောက်လျက် ခန္ဓာကိုယ်ကို တွန့်လူးကာ ထဖို့ကြိုးစားကြည့်သော်လည်း စိတ်သွားတိုင်းကိုယ်ပါမလာဘဲ ထ၍မရ။ ခေါင်းကအနည်းငယ် ရိပ်တိပ်ရိပ်တိပ် မူးဝေနေ၏။
အဲသည်အချိန်မှာပဲ အခန်းတံခါး ဖျတ်ခနဲ ပွင့်လာပြီး မေမေ့အသံကို ကြားလိုက်ရသည်။“ ဟယ် ... သား သတိရလာပြီ ”
စိုင်း မေ့မေ့ကို မြင်လိုက်ရသည့်အတွက် မအံ့ဩသွားဘဲ ရုတ်ချည်း ငိုချင်စွာ ဝမ်းနည်းလာခဲ့သည်။
မေမေက နီးစပ်ရာ ကုလားထိုင်တစ်ခုကိုဆွဲယူ
လိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်၏။
သူ့လက်ကို ဖွဖွလေးဆုပ်ကိုင်လိုက်ရင်း
စိတ်မကောင်းဖြစ်စွာ အားပေးနှစ်သိမ့်သလို ပြုံးကြည့်သည်။ သိသိသာသာ မို့အစ်နေသော မျက်ခွံဖောင်းဖောင်းတွေမှတစ်ဆင့် မိခင်တစ်ယောက်၏ ယူကျုံးမရ နာကျင်ကြေကွဲမှုအတိုင်းအဆကို စိုင်း ခန့်မှန်းကြည့်လို့ရပါသည်။
မေမေ့မှာ စိုင်းတစ်ယောက်ပဲရှိတော့တာမဟုတ်လား။
စိုင်း ကိုယ့်ကိုကိုယ် သတ်သေဖို့
ကြိုးစားနေခဲ့တဲ့အချိန်မှာ ဘာဖြစ်လို့ မေမေ ဘယ်လို
ဖြစ်ပြီးကျန်ရစ်ခဲ့မလဲဆိုတဲ့ မေမေ၏
စိတ်ခံစားချက်တွေ ဘာကြောင့် သတိတရ
ထည့်မတွက်ခဲ့မိပါလိမ့်။ စိုင်းလုပ်ရပ်ကြောင့် မေမေ ဘယ်လောက်များ ရင်ကွဲခဲ့ရမလဲ။ ထိုကဲ့သို့ စဉ်းစားဆင်ခြင်မိသည့်အခါ
စိုင်း နင့်နင့်သီးသီး နောင်တရသွားခဲ့သည်။“ တောင်းပန်ပါတယ် မေမေရယ်၊ သားတောင်းပန်ပါတယ် ”
စိုင်း လှဲအိပ်နေရင်းကပင် မေမေ့ကို လက်အုပ်ချီကာ ရှိုက်ငင်ငိုကြွေးလျက် တောင်းပန်မိတော့
မေမေက စိုင်း၏ မျက်ရည်တွေကို ညင်ညင်သာသာ သုတ်ပေးကာ နှစ်သိမ့်ပါသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student