Chapter ( 28 ) 31*

34.1K 2.4K 111
                                    

“ ဒီနေ့ကစပြီး မင်း ငါ့အိမ်မှာပြန်လာနေရမယ်
စိုင်းမင်းခန့်၊ ထွန်းကိုကိုနဲ့ မင်းထပ်မပက်သက်ရဘူး ”

လေးလေးက မိမိကိုအခုလို ကြမ်းတမ်းမာကျောစွာ တစ်ခါမှမပြောဖူးသဖြင့် စိုင်း ဝမ်းနည်းသွားခဲ့သည်။

စိုင်း ဆရာရှိရာ ဆေးရုံသို့ သွားနေရင်း လေးလေးက အခုချက်ချင်း သူ့အိမ်ကိုလာခဲ့ဖို့ ဖုန်းဆက်ချိန်းသည်။

“ ကျနော် ဆရာ့ဆီသွားနေလို့လေးလေး၊ အရေးကြီးကိစ္စရှိလို့လား ”

“ အခုချက်ချင်း လာမှဖြစ်မယ် စိုင်း။
အခုငါ့အိမ်ကိုလာခဲ့ ”

လေးလေး၏ အသံက ခါတိုင်းလို ညင်သာအေးဆေးမှုမရှိဘဲ ခပ်ပြတ်ပြတ် မာကျောနေခဲ့သဖြင့် စိုင်း စိတ်ထဲ ထင့်ခနဲဖြစ်သွား၏။ ဤသို့ဖြင့် စိုင်း လမ်းတစ်ဝက်မှာတင် ကားကိုကွေ့ပြီး  လေးလေးအိမ်သို့ ကတိုက်ကရိုက် ရောက်လာခဲ့ရသည်။ တစ်ခုခု ဆိုးရွားတာဖြစ်နေပြီဆိုတာအလိုလို ခံစားသိစိတ်ဖြင့် တစ်လမ်းလုံး စိုင်း စိတ်မကြည်မလင်ဖြစ်နေခဲ့သည်။

သူရောက်သွားတော့ လေးလေးသည် ခါတိုင်းလို  ဧည့်ခန်းမှာမဟုတ်ဘဲ စာကြည့်ခန်းထဲမှာ သူ့ကို စောင့်နေခဲ့၏။
စိုင်းအခန်းထဲသို့ ဝင်လျှင်ဝင်လိုက်ချင်း ပြတင်းပေါက်ရှေ့မှာ  မတ်တပ်ရပ်ပြီး အပြင်ဘက်သို့ခပ်ငေးငေးကြည့်လျက်ရှိသော လေးလေးကို မြင်ရသည်။

“ ကျနော် ရောက်ပြီလေးလေး၊ ဘာပြောစရာရှိလို့လဲ ”

လေးလေး ချက်ချင်းလှည့်မလာသေးဘဲ ခဏငြိမ်သက်နေသေးသည်။ထို့နောက်မှ အသာအယာလှည့်လာပြီး စိုင်းကို မျက်နှာထားခပ်တည်တည်ဖြင့် တစ်ချက် ဝေ့ကြည့်ကာ
စာကြည့် စားပွဲရှိရာသို့ လျှောက်လာသည်။ လေးလေးက စားပွဲပေါ်က ဂျပ်စက္ကူအိတ်ကိုကောက်ယူ၍ စိုင်းကို ခပ်ဆတ်ဆတ်လှမ်းပေး၏။

“ ရော့ မင်းဟာမင်း ကြည့်လိုက် ”

စိုင်းသည်  ကြောင်တောင်တောင်ဖြစ်ကာ အနည်းငယ် တွေခနဲဖြစ်သွားလေသည်။ စက္ကူအိတ်ကို သတိထားသလို လှမ်းယူလိုက်ပြီး အထဲမှာထည့်ထားသည်များကို စိတ်လှုပ်ရှားစွာ ထုတ်ကြည့်လိုက်တော့ ဓာတ်ပုံများဖြစ်နေ၏။ တစ်ခါတုန်းကလည်း ဒီဓာတ်ပုံများကြောင့် စိုင်း အကြီးအကျယ်တုန်လှုပ်ခဲ့ရဖူးသည်။ 
ဒီတစ်ကြိမ်မှာတော့ ပထမဆုံးအတွေ့အကြုံလို
အထူးတလည် တုန်လှုပ်ခြင်းမရှိတော့သော်လည်း အံ့အားသင့်ခြင်းများစွာဖြင့် စိုင်း လေးလေးကို မျက်လုံးအဝိုင်းသားမော့ကြည့်မိသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now