Chapter ( 35 ) 40*

30.8K 2.2K 39
                                    

စိုင်း သည် ဘေးတစ်ဖက်တစ််ချက်စီ၌
စိန်ပန်းပွင့်တွေ ရဲရဲနီအောင်ပွင့်
နေသော စစ်ကိုင်းမြို့၏ ကတ္တရာလမ်းဘေးတစ်နေရာမှာ
ကားကို ထိုးဆိုက်ရပ်လိုက်ပြီး ကားပေါ်ကနေ ဆင်းလိုက်၏။ ညနေခင်းတိမ်စိုင်တွေဟာလည်း
အနီရောင် ။ စိန်ပန်းပင်ကြီးတစ်ခုလုံးက
အရွက်တွေမပါဘဲ ပန်းတွေချည်းပွင့်နေတယ်လို့
ထင်ရလောက်အောင် အနီရောင်။
လေအသွဲ့မှာ လမ်းမပေါ်၌ လိမ့်လွင့်ပြန့်ကျဲ
နေကြတဲ့ စိန်ပန်းပွင့်တွေကလည်း အနီရောင်။

စိုင်းသည် စိန်ပန်းပင်နှစ်ပင်ကြား၌
ခုံတန်းလျားလေး တစ်ခုကို မမျှော်လင့်ဘဲ
တွေ့ရသဖြင့် အနည်းငယ် ပြုံးလိုက်မိသည်။
အရင်တစ်ခါလာတုန်းက သည်နေရာမှာ
ခုံတန်းမရှိသေးကြောင်း စိုင်း သေသေချာချာ မှတ်မိသည်။
ခုံတန်းလျားလေးက မကြာသေးခင်ကမှ တည်ဆောက်ထားမှန်းသိသာကာ အဝါရောင်ဆေးသားဖြင့်
သစ်လွင်တောက်ပလျက်ရှိသည်။ စိုင်း ထိုခုံတန်းလျားလေးမှာဝင်ထိုင်ပြီး ဘာရယ်မဟုတ် လမ်းမကြီးကိုငေးကြည့်ရင်း ဆရာ့ကို လွမ်းဆွတ်တမ်းတသည့်စိတ်က ကြေကွဲနာကျင်စွာ ဝင်ရောက်လာခဲ့သည် ။
စိန်ပန်းပွင့်တဲ့ရာသီရောက်လျှင် နှစ်ယောက်တူတူ
ထပ်လာကြမယ်လို့ အရင်က ဆရာပြောခဲ့ဖူးသည်။
ယခုမူ စိုင်းတစ်ယောက်တန်း အထီးကျန်စွာ ရောက်လာရပြီ။ လွန်ခဲ့တဲ့ ခြောက်လလုံးဆရာ့ အကြောင်းကို
စိုင်း တစ်ရက်မပြတ် သတိရနေခဲ့ရသည်။
မန္တလေးမြို့၌ ဆရာ့အငွေ့အသက်တွေ အခုထိ လွင့်ပြယ်ပျောက်ပျက်သွားခြင်းမရှိသေး။ ကျုံးဘေးလမ်းမကြီးပေါ်  ကားနဲ့ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် မောင်းဖြစ်တိုင်း ယခင်က ဆရာ့ခါးကို အသာပွေ့ဖက်၍ ဆရာ့ကျောပြင်၌ ပါးအပ်ကာ ဆိုင်ကယ်စီးဖြစ်ခဲ့သည့် အမှတ်တရတွေကိုသတိရသည်။ မန္တလေးမြို့က နာမည်ကြီးစားသောက်ဆိုင်တော်တော်များများ ဆရာနှင့်အတူ ရောက်ဖူးနေကြဖြစ်ရာ အဲသည်ဆိုင်တွေကိုရောက်သွားတိုင်း ဆရာနှင့် ကြည်နူးပျော်ရွှင်စွာ စကားတပြောပြောဖြင့် စားသောက်ဖြစ်ခဲ့ကြသည်ကို ဖျပ်ခနဲ လွမ်းဆွတ်တမ်းတမိသွားတတ်သည်။ တစ်ခါတစ်ခါ စာသင်နေရင်း စာသင်ခန်းထဲက ဆရာ့ပုံရိပ်သည် မကြာခဏ ပေါ်ပေါက်လာလေ့ရှိသည်။ ထိုအခါ ဆရာ၏ တည်ငြိမ်လေးနက်၍  ခပ်ဩဩ ဝါညက်သော အသံလေးကိုပါ ကြားယောင်လာမိတတ်သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now