အချိန်က ပြုပြင်ပြောင်းလဲနိုင်လောက်ပြီဟု လျော့တွက်ခဲ့မိတာ သက်သက်ဝေ သွက်သွက်ခါအောင်မှားသွားခဲ့၏။ မောင်သည် အရင်က သူမ သိသော မောင်မဟုတ်တော့။ သူမ၏ မှားယွင်းဖောက်ပြန်ခဲ့သော ဆုံးဖြတ်ချက်၏ အကျိုးဆက်အဖြစ် မောင်၏ နှလုံးသားသည် ခက်ထန်စွာမာကျောကျစ်လျစ်နေခဲ့ပေပြီ။
သည်လောက်နှစ်ပေါင်းများစွာကြာတာတောင် မျှော်လင့်ထားသည်ထက် ပြင်းထန်သိပ်သည်းနေခဲ့သော မောင့်၏ ခါးသီးနာကျည်းမှုများကို ကြည့်ခြင်းအားဖြင့် သူမ မောင့်ကိုပြန်ရအောင် ဘယ်လောက် ခက်ခဲပင်ပန်းစွာ ကြိုးစားရမည်ကို တွေးကြည့်ရင်း သက်သက်ဝေ ရင်မောသွားခဲ့သည်။ သို့သော် ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ သူမ မောင့်ကိုရအောင်ယူမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားသည်။
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သွားတဲ့ လူတစ်ယောက်အတွက် ဒုတိယအခွင့်အရေး ထိုက်တန်လွန်းမက ထိုက်တန်သည်ဟု သူမ ယုံကြည်ပါသည်။ သူမ မောင့်အချစ်တွေကို မက်မောစွာ ပြန်လိုချင်မိသည်။ မောင်နှင့် ဘဝတစ်ခုကို အတည်တကျ တည်ဆောက်ချင်သည်။ လိုချင်တာကိုရဖို့အတွက် မိန်းမမာနကို မြေကြီးအထိ လျှော့ချထားသင့်ရင်ထားရမှာပဲ။ တတ်စွမ်းသမျှ မာယာသုံးသင့်ရင်လည်းထုတ်သုံးရမှာပဲ။ မောင်စိတ်ကျေနပ်လောက်တဲ့အထိ အသေအလဲ တောင်းပန်မယ်။ ကြည့်ကြသေးတာပေါ့ မောင်။ မောင့် နှလုံးသားကပဲ ဆက်လက်မာကျောနိုင်မလား။ မောင့်ကိုရကိုရရမည်ဆိုတဲ့ ကျွန်မ၏ ရည်မှန်းချက်တွေကပဲ အောင်မြင်မလား။+++
ဆရာနဲ့ ဒေါက်တာသက်သက်ဝေတို့ ဒီလိုနဲ့ ပြန်လည် အဆင်ပြေသွားကြတော့မှာလားဟု စိုင်း စိုးရိမ်ထိတ်လန့်စွာ အတွေးလွန်နေတတ်ပြီး ထိုအတွေးသည် စိတ်ဖိစီးအောင် တရိရိ နှောင့်ယှက်နေလျက်ရှိသည်။ ထို့ကြောင့် တက္ကသိုလ်ပြန်ဖွင့်သည့်ရက်မှာ စိုင်းသည် တခြားကျောင်းသားတွေလို စိတ်လှုပ်ရှားတက်ကြွမနေဘဲ ခပ်ထွေထွေ ဖြစ်နေခဲ့သဖြင့် ကျော်ဇောကတောင် လေးလံထိုင်းမှိုင်းနေခဲ့သော သူ့ကို အသေအချာကြည့်၍ မချိတရိပြုံးလျက် နောက်သည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student