Chapter ( 16 ) အဆက် . 17 *

32K 2.5K 12
                                    

သူ ဆေးရုံသွားဖို့ အဆင်သင့် ဖြစ်နေသည့်အချိန်ထိ စိုင်းမင်းခန့်သည် မလှုပ်မယှက် အိပ်မောကျလျက်ရှိနေသေးသဖြင့် ဟိုအရင်တစ်ခါတုန်းကလို အဖျားမိနေမလားဟူသည့် အတွေးဖြင့် ထွန်းကိုကို စိုးရိမ်ပူပန်သွားခဲ့သည်။
မနေ့က ညဉ့်နက်မှရေချိုးခဲ့တာဆိုတော့ ဖြစ်နိုင်ချေတော်တော်များ၏။ ထွန်းကိုကိုသည် လွမ်းဆွတ်တမ်းတမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်နေမှုတွေ ကြားမှာသာ ဗျာပွေလှုပ်ခတ်နေရခဲ့ပြီး စိုင်း၏ မဆင်မခြင် ရေချိုးသည့်အလုပ်ကို မတားလိုက်မိခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်သွားလေသည်။
အခုတော့ သူ ပြတ်ပြတ်သားသား လုပ်ရမှာ တစ်ခုပဲရှိတော့သည်။ အဲတာကတော့ စိုင်း၏ အနားသို့ ခြေသံလုံလုံဖြင့် လျှောက်သွားပြီး အဖျားတိုင်းကြည့်ဖို့ပဲဖြစ်၏။

သူ စိုင်း၏ နားဝသို့ အပူချိန်တိုင်းကိရိယာကလေး အသာအယာ ထည့်ကြည့်သောအခါ ဖောင်းလိုက်ပိန်လိုက်ဖြစ်နေသော ရင်ဘတ်ကလွဲ ကျန်သည့် စိုင်း၏ အစိတ်အပိုင်းများ လှုပ်ရှားမသွားပါ။
သူထင်သလို အဖျားမရှိနေခဲ့သဖြင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် ခရီးပန်းသည့်နွမ်းနယ်မှု ဒီနေ့အထိ စိုင်းထံမှာမလိုက်လာရအောင် သူ စဉ်းစားချင့်ချိန်၍ အန်နာဗွန်စီ အားဆေးတစ်တောင့် ချန်ထားရစ်ခဲ့ပါသည်။ ဆေးကို ထမင်းစားစားပွဲပေါ်မှာ ပလတ်စတစ်အိတ်အကြည်လေးဖြင့် အကျအနထည့်လျက် တင်ထားခဲ့သည်။ မမြင်မှာစိုးသဖြင့် Note မှတ်သည့်လေးထောင့်စာရွက်အဝါလေးအပေါ်မှာ စာရေးပြီး ထားခဲ့သေး၏။ အရင်ကနဲ့မတူတာကတော့ ဒီတစ်ခါထိုစာရွက်လေးကို စားပွဲပေါ်မှာတင်ထားခဲ့ခြင်းမဟုတ်။ စိုင်း အိပ်ရာနိုးနိုးလာချင်းရှာတွေ့အောင် နဖူးမှာ ဘတ်ခနဲကပ်ထားခဲ့ခြင်းဖြစ်သည်။ ချစ်စရာကောင်းသည့် တရုတ်ခုန်ဆွသရဲလေးတစ်ကောင်ကို ဂါထာစာရွက်ဖြင့် ကပ်ထားလိုက်သလိုမျိုး။

ဓာတ်လှေကားပေါ်ရောက်သည့်အခါ သူ ကိုယ့်လုပ်ရပ်ကိုတွေးကြည့်မိရင်း အလိုလို ရွှင်ပျစွာ ပြုံးနေမိတော့သည်။ ဓာတ်လှေကားတံခါးပွင့်သည့်အချိန်မှာတော့ ကိုယ့်ရုပ်ကိုပြန်တည်ပစ်လိုက်ပြီး အဆောက်အဦအပြင်သို့ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။ ပြီးတော့ ဗြုန်းခနဲ လက်တွေ့ဘဝ၏ ဖြစ်သင့်ဖြစ်ထိုက်မှုကို ဆင်ခြင်မိသွားကာ သူ အောင့်သက်သက်ဖြင့် စိတ်ရှုပ်ထွေးနောက်ကျိသွားခဲ့ရ‌လေသည်။ သူ၏ မထိန်းသိမ်းနိုင်ခဲ့သော ဂရုစိုက်လိုက်လျောမှုတွေက မရည်ရွယ်ပါဘဲနဲ့ စိုင်းကို အနာပေးလိုက် ဆေးပေးလိုက်အခြေအနေသို့ရောက်အောင် တိုက်ရိုက် တွန်းပို့နေသလိုများ ဖြစ်နေမိပြီလား။ အင်း ... အဲဒီလိုအခြေအနေမျိုး နောက်မဖြစ်ရလေအောင် သူ တတ်နိုင်တာ နှစ်မျိုးပဲရှိတော့သည်။ မူလစီစဉ်ကြံရွယ်ထားသည့်အတိုင်း သူ့ခြေလှမ်းတွေကို စိုင်းနှင့်
ခပ်ဝေးဝေးသို့ပြေးသွားလိုက်မလား၊ သို့မဟုတ် ဘာကိုမှဂရုမစိုက်တော့ဘဲ ခံစားချက်ကိုချည်းဦးစားပေး၍ အနီးကပ်ဆုံးအခြေအနေရောက်အောင် မိုက်မဲစွာ လှမ်းခဲ့လိုက်ရမလား။ တွေးရင်း ဆေးရုံသို့ရောက်သည်အထိ သူ စိတ်တွေ အင်မတန် လှုပ်ရှားလျက်ရှိကာ ဖုန်းမြည်သံကိုပင် ချက်ချင်းသတိမထားမိခဲ့ချေ။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now