“ ဒါဟာ ဦးခေါင်းကိုထိခိုက်မိတဲ့ ဒဏ်ရာကြောင့် Amnesia အမျိုးအစားသုံးမျိုး ထဲမှာ Anterograde Amnesia ပုံစံအမျိုးအစားပဲလို့ လေးလေး ယူဆတယ်။ နားလည်အောင်ပြောရရင် အတိတ်မေ့တာပေါ့။
ဒါပေမဲ့ Anterograde ရဲ့ ထူးခြားတာတစ်ခုက Retrograde Amnesia လိုမျိုး Accident ဖြစ်ပြီး နောက်ပိုင်း အရာတွေအားလုံးကို မမှတ်မိတာမျိုး မဟုတ်ဘဲ အချိန်အပိုင်းအခြား တစ်ခုကိုပဲ မေ့သွားတာမျိုးပဲ။ ။အဲတာကြောင့် မင်းဆရာက သူ့ကိုယ်သူ ဆေးကျောင်းတက်နေတုန်းပဲလို့်ထင်ပြီး Final Part One နောက်ပိုင်းက အဖြစ်အပျက်တွေကို သူ ဘာတစ်ခုမှ မမှတ်မိတော့ဘူး ”“ ပြန်ကောင်းလာဖို့အခွင့်အရေးရောရှိလား လေးလေး ”
“ အင်း ... ရှိပါတယ်၊ အခြေအနေကိုသေချာပြန်စောင့်ကြည့်ရမှာပဲ ”
စိုင်းသည် လေးလေးက စိတ်လိုလက်ရ ရှင်းပြခဲ့သော
ဆရာ့အခြေအနေကိုပြန်ကြားယောင်မိတိုင်း ရင်မောစွာ စိတ်တွေလေးလံသွားလေ့ရှိသည်။ ဆရာ့အခြေအနေသည်
ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်းနေပြီဖြစ်သော်လည်း အတိတ်မေ့ရောဂါကို လေးလေးက ဆက်လက်စောင့်ကြည့်လိုသောကြောင့် ဆရာ ဆေးရုံက ဆင်းခွင့်မရသေး။ စိုင်းကတော့ ခွင့်ရက်ပြည့်သွားပြီဖြစ်တာကြောင့် အတန်းပြန်တက်နေရပြီ။ ဆေးရုံအခန်းလေးထဲက ဆရာ့ဆီ မကြာမကြာ သတိရသွားသဖြင့် စိတ်အာရုံကို မနည်း ကြိုးစားပမ်းစား စုစည်း၍ လက်ချာလိုက်နေရသည်။စိုင်း ဆရာ့ကို နည်းနည်းလေးမှ စိတ်မချ။
ဆရာအတိတ်မေ့သွားသည့်ဖြစ်ရပ်သည် သက်သက်ဝေအတွက် မဟာအခွင့်အရေးကြီးတစ်ရပ်ဖြစ်သွားခဲ့လေရာ သူမသည် စိုင်းကျောင်းတက်နေသည့်အချိန်များမှာ
နေ့တိုင်းလိုလို ဆေးရုံသို့ မျက်နှာပြောင်တိုက်ကာ ရောက်ရောက်လာတတ်လေသည်။သောကြာနေ့ညနေပိုင်းမှာတော့ စိုင်း ဆရာ့ကို စောင့်အိပ်လိုက်မည်ဟု ရည်ရွယ်ကာ ဆေးရုံသို့ထွက်လာခဲ့သည်။ ဆရာ့အခန်းထဲရောက်တော့
သူမလည်း ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် စိုင်း ချက်ချင်း မျက်မှောင်ကြုတ်သွားရသည်။
သူမသည် ဆရာနှင့် ဘာတွေပြောနေကြသလဲမသိ သဘောကျစွာ ရယ်မောပြုံးရွှင်နေရာမှ ဗြုန်းခနဲ ရပ်တန့်ကာ စိုင်းကိုလှည့်ကြည့်၏။ ထို့နောက် အသက်မပါသလိုပြုံးပြလေသည်။ သူမ ဘယ်လိုများလိပ်ပြာလုံလုံနဲ့ ဆရာ့အနားမှာ ဘာမှမဖြစ်သလို အခွင့်ကောင်းယူပြီးနေနိုင်သလဲ။ အခွင့်ရေးရတုန်း ဆရာ့ကိုပိုင်ဆိုင်ဖို့ကြိုးစားနေသည့် သူမ၏ခြေလှမ်းတွေကို စိုင်း ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ သူမမှာ နည်းနည်းလေးမှ အရှက်မရှိတော့ဘူးလား။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student