လေးလေးအိမ်သို့ ရောက်ပြီးကတည်းက စိုင်း၏ စိတ်များသည် လွင့်ချင်သလိုလွင့်၊ မျောချင်သလိုမျောပြီး တစ်ခါတစ်ရံ ကြေကွဲပျက်သုန်းသလိုခံစားနေရသည်။
ကျောင်းစာတွေမှာလည်း စိတ်ပါဝင်စားမှုမရှိသလို ကျူတိုရီရယ်နှင့် လက်တွေ့စမ်းသပ်ချက်များကိုလည်း ကောင်းစွာ မဖြေဆိုနိုင်တော့ချေ။ စိုင်းသည် ကျောင်းပိတ်ရက်များမှာ အခန်းပြင်မထွက်တော့ဘဲ တစ်နေကုန် အိပ်ချင်အိပ်နေတတ်သလို တစ်ခါတစ်လေ အသည်းကွဲသီချင်းတွေနားထောင်ပြီး ငိုချင်ငိုနေတတ်သည်။ ခြံထဲက ဒန်းလေးထဲမှာထိုင်ရင်း တစ်နေရာကို ဆွေးဆွေးမြေ့မြေ့နဲ့ငေးကြည့်နေတတ်သည် ။ လူကလည်း တနေ့တခြား ပိန်လှီနွမ်းခွေလာ၏။ အစားအသောက်လည်း ပုံမှန်မစားဖြစ်။ လေးလေးကလည်း အခုရက်ပိုင်း ဆေးရုံကိစ္စ တက္ကသိုလ် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် တူဖြစ်သူကို စိတ်လိုလက်ရ ဂရုမစိုက်နိုင်ဖြစ်နေရာ စိုင်း အတန်းတက်ခြင်း၊ မတက်ခြင်း၊
စိုင်း အစားအသောက် စားဖြစ်၊ မစားဖြစ်တို့ကိုတောင် ဂရုမပြုမိသော လေးလေးသည် စိုင်း၏ စိတ်ခံစားချက်များကိုဆိုလျှင် ခံစားနားလည်ဖို့ ပိုပြီး ဝေးကွာနေမှာသေချာပါသည်။ စိုင်း၏ ကြီးမားပြင်းထန်လှသော ထိခိုက်နာကျင်မှု အတိုင်းအဆကို လေးလေး သိလိုက်ရသောအချိန်မှာတော့ ချောက်ထဲကျလုဆဲဆဲ နောက်ကျနေခဲ့ပြီ။တစ်ရက် သူ့ ရုံခန်းကို သက်သက်ဝေနှင့်
ထွန်းကိုကိုတို့စုံတွဲရောက်လာ၏။ လာမည့် Sunday တွင် နာမည်ကြီး ဟိုတယ်တစ်ခု၌ မင်္ဂလာဆောင်ကြမည်ဖြစ်ရာ သူ့ကို မပျက်မကွက် တက်ရောက်ပေးပါရန် ရိုသေလေးစားစွာ လာရောက်ဖိတ်ကြားခြင်းဖြစ်သည်။ ထွန်းကိုကိုသည် သူ အင်မတန် ရင်းနှီးစွာ ချစ်ခင်ရပါသော တပည့်တစ်ယောက်ဖြစ်၏။ အားကိုးတကြီး တောင်းဆိုလာသည့် ဤဖိတ်ကြားချက်ကို သူ ငြင်းလို့မကောင်းချေ။ လိုက်လျောဖော်ရွေစွာ ပြုံးလျက် သူ ဖိတ်စာကို လက်ခံလိုက်ပါသည်။ အလုပ်တွေရှုပ်လျက်ရှိတာကြောင့် ဖိတ်စာကို အိမ်ရောက်မှပဲ ဖတ်ဖြစ်သွားသည်။ အဲသည်အချိန်မှာပဲ ရင်းနှီးသောမိတ်ဆွေတစ်ယောက် ဖြစ်သော လူနာတစ်ယောက်၏ ရုတ်တရက် ဆိုးရွားလာသော အခြေအနေနှင့်ပက်သက်၍ ဖုန်းဝင်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူ ဆေးရုံသို့ ရေးကြီးသုတ်ပျာပြန်ပြေးရလေရာ ဖိတ်စာသည် စားပွဲပေါ်၌ ဖွင့်လျက်သား ကျန်ရစ်ခဲ့သည်။
ညအတော်မိုးချုပ်လို့ အိမ်ပြန်ရောက်သည့်အချိန်ကြတော့မှ သူ ထားခဲ့သည့်အတိုင်း စားပွဲပေါ်မှာ အနေအထားမပျက်ရှိနေသော
ဖိတ်စာကို သတိတရဖြင့် သိမ်းဆည်းမိတော့လေသည်။ စိုင်းတစ်ယောက်မြင်သွားခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ဖိတ်စာထဲက မင်္ဂလာအချိန်တိုင်း သူ ဟိုတယ်တစ်ခု၏ မင်္ဂလာခန်းမသို့ရောက်သွားသောအခါ
မမျှော်လင့်သော အဖြစ်အပျက်နှင့် ရင်ဆိုင်ခဲ့ရပါတော့သည်။ မင်္ဂလာပွဲ၌ သတို့သားရော၊ သတို့သမီးရော မတွေ့ရဘဲ သတို့သမီး၏ မိဘများက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေကြ၏။ မင်္ဂလာပွဲသည် နည်းနည်းလေးမှ မူမမှန်ဘဲ မကြာသေးခင်အချိန်က ရုတ်ရုတ်သဲသဲ ပြဿနာတစ်ခုကြုံတွေ့လိုက်ရပုံမှာ သိသာလှသည်။သတို့သားက ကားအက်ဆီးဒင့်ကြောင့် ခေါင်းထိလို့ ဆေးရုံတက်ခဲ့ရဖူးသေးတယ်တဲ့။ အခုမေ့လဲသွားတာလဲ ဝေဒနာအရှင်းမပျောက်သေးလို့ဖြစ်မှာ။ သတို့သမီးလေးသနားပါတယ်။ လူနာတင်ကားပေါ် သတို့သားနဲ့အတူလိုက်သွားတယ်ဆိုပဲ။ စသဖြင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၏ ပွက်စီပွက်စီ ညံစွာ တီးတိုးပြောဆိုနေသော စကားများကို သူကြားနေရ၏။
အဲသည်အချိန်မှာပဲ သူ့ဆီသို့
မက်ဆေ့ခ်ျတစ်စောင်ဝင်လာခဲ့သည်။
စိုင်း ပို့လိုက်သော မက်ဆေ့ခ်ျဖြစ်၏။“ အရာရာတိုင်းအတွက် တောင်းပန်ပါတယ် လေးလေး ။ ကျွန်တော့်ကို ခွင့်လွှတ်ပါ ။ မေမေ့ကိုလဲ ပြောပေးပါ။ သား အရမ်းချစ်ပါတယ်လို့ ”
သူ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး ချက်ချင်း ခန်းမထဲကနေ ပြေးထွက်လာခဲ့တော့သည်။ ကားမောင်းနေရင်း သူ့အိမ်ကို ဖုန်းလှမ်းဆက်လိုက်၏။ အိမ်အကူအမျိုးသမီးက စိုင်း သူ့အိမ်မှာ မရှိဘူးဟု ဆိုသဖြင့် တခြားဘယ်နေရာမှာ ရှိနိုင်မလဲ စိုးရိမ်ပူထူနေသည့်ကြားက အပြေးအလွှား စဉ်းစားရသည်။ နောက်တော့ လေးထပ်ဆောင်က အခန်းနံပါတ် လေးဆယ့်လေးမှာ ရှိနေနိုင်ကြောင်း တွက်ဆမိသည်။ သူ ထင်သည့်အတိုင်း
သော့ပိတ်မထားသော လေးထပ်ဆောင် အခန်းနံပါတ်လေးဆယ့်လေးသို့ရောက်သောအခါ ကြမ်းပြင်မှာ ပျော့ခွေလဲကျ နေသော စိုင်းမင်းခန့်ကို တုန်လှုပ်ချောက်ခြားစွာ တွေ့လိုက်ရပါတော့သည်။
စိုင်း၏ လက်ထဲမှာ အဖြူ ရောင်ဆေးဗူးကိုင်ထားပြီး ကြမ်းပြင်၌ ဆေးပြားတွေ တစ်ချို့တစ်ဝက် ပြန့်ကျဲနေလျက်ရှိ၏။“ စိုင်း
သူ စိုးရိမ်တကြီး အာခေါင်ခြစ်၍ အော်ခေါ်လိုက်မိပါတော့သည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student