Chapter ( 21 ) အဆက် 23 *

35.1K 2.6K 60
                                    

အချစ်သည် ထိန်းချုပ်လို့ရရိုး ထုံးစံမှမရှိဟု ဆရာပြောခဲ့တာ သွေးထွက်အောင်မှန်၏။ နောက်ပြီး အချစ်ကြောင့်ဖြစ်ပေါ်လာခဲ့သော တိုက်တွန်းစေ့ဆော်မှု၊ ခံစားချက်အား လှစ်ဟဖော်ပြမှုများကို ဆရာသည် စာသင်ချိန်အတွင်းမှာတောင် ချုပ်တည်း၍ မထားနိုင်ခဲ့ချေ။

“ စိုင်းမင်းခန့် ဘာတွေငေးနေတာလဲ ”

စာရှင်းပြနေရာမှ ရုတ်တရက် ထွက်ပေါ်လာသော ဆရာ၏ တည်ငြိမ်ဩပြတ်သော အသံကြောင့် စိုင်း၏ ခန္ဓာကိုယ်ကလေး တွန့်ခနဲဖြစ်သွား၏။ စိုင်းက ရှက်ရှက်ဖြင့် မျက်လွှာချကာ စာအုပ်ပေါ်က စကားလုံးတွေကို ငေးကြည့်နေလိုက်ပါသည်။

“ ကိုယ်သင်တာ ဘယ်ရောက်နေပြီလဲ မင်းပြောစမ်း ”

စိုင်း မပြောနိုင်ပါ။ ဖတ်စာအုပ်ပေါ်က စကားလုံးများကိုပဲ မျက်စိကစားလျက် အတင်းရှာဖွေနေလိုက်သည်။

“ ကျော်ဇောရေ ... ဘယ်ရောက်နေပြီလဲ ထောက်ပြလိုက်ကွာ။ ပြီးရင် နားရွက်ပါဆွဲလိုက် ”

ဖျတ်ခနဲ မော့ကြည့်လိုက်တော့ စိုင်းကို တည်ကြည်လေးနက်စွာ ငေးစိုက်ကြည့်နေသော ဆရာ့မျက်ဝန်းများနှင့် ဆုံသွားသည်။
ကျော်ဇောက ဘယ်ရောက်နေပြီလဲဆိုတာ တိုးတိုးကပ်ပြောပြ၏။ သို့သော် နားရွက်မဆွဲသဖြင့် ဆရာက

“ နားရွက်ဆွဲတာကို ဘာလို့မဆွဲတာလဲ ”  ဟု

ခပ်တည်တည် အမိန့်ပေး၏။

ကျော်ဇောက ပါးလျနူးညံ့သာ နားရွက်ကလေးကို အသာအယာ ဆွဲလိမ်လိုက်တော့ တစ်ခန်းလုံး၏ ခစ်ခနဲ ရယ်သံတစ်ချို့ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။

“ နာနာဆွဲနော် ”

စိုင်း ဆရာ့ကို မကျေမနပ် မော့ကြည့်လိုက်တော့ ဆရာ့မျက်ဝန်းထဲက ရယ်မြူးရိပ်ကလေးကို သိသာထင်ရှားစွာ မြင်ရသည်။

ထို့နောက်ဆရာသည် White Board  ပေါ်မှာ
ဆော့ပန်အနက်ရောင်ဖြင့် ဝါကျများကို ခပ်သော့သော့ လက်ရေးများဖြင့် သွက်လက်မြန်ဆန်စွာ ရေးလိုက်လေသည်။ စိုင်းကို စစနောက်နောက် အပြစ်ပေးလိုက်ရသဖြင့် ဆရာ ကျေနပ်စွာ ပြုံးရယ်နေမှာ စိုင်း အတိအကျ သိနေသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now