ရက်အတော်ကြာ အိပ်ရေးပျက်ခဲ့သည့်အပြင် မိုးရေထဲ မိနစ်အတော်ကြာအောင် နေမိသွားသည့် အရှိန်ကြောင့် စိုင်း သတိလစ်မေ့မျောသွားချိန်မှစ၍ တစ်ပတ်ကြာအောင် ဆေးရုံတက်လိုက်ရသည်။ Joy သည် ရှိသမျှ သူ့အနုပညာအလုပ်တွေအားလုံးကို ရက်ရွှေ့လို့ရလျှင် ရက်ရွှေ့ဖို့ကြိုးစားပြီး၊ ရွှေ့လို့မရလျှင် ဖျက်လိုက်ကာ တစ်ပတ်လုံးလုံး စိုင်းအနားမှာပဲ တစ်နေကုန်နေလျက် လိုအပ်တာမှန်သမျှ တစ်ချက်ကလေးမျှ မညဉ်းညူဘဲ ပြုစုကူညီပေးခဲ့သည်။ အစားစားချင်စိတ်ပျောက်နေသော စိုင်းကို ကလေးတစ်ယောက်လို ချော့မော့ဖြောင်းဖျ၍ စွတ်ပြုတ်တိုက်သည်။ ပြီးလျှင် တစ်မိနစ်တောင်မစွန်းစေဘဲ အချိန်အတိအကျဖြင့် ဆေးကို ဂရုတစိုက်တိုက်သည်။ အဝတ်အစားလဲပေးသည်။ စိုင်းToilet သို့ကောင်းကောင်းလမ်းလျှောက်သွားဖို့တောင်မဖြစ်နိုင်လောက်အောင် အင်အားချိနေလျက်ရှိသော ရက်တွေတုန်းက စိုင်း သေးပေါက်ချင်လာသောအခါ သူ ဆီးဗူးနှင့် အပေါက်အလမ်းတည့်အောင်ထိန်းကိုင်ထားပေးသည်။
ထိုအခါမျိုး၌ စိုင်း၏ ဖြူရော်နွမ်းလျနေသောမျက်နှာကလေး ပန်းသွေးရောင်တက်လာကာ ရှက်နေလေ့ရှိသည်။Joy သည် စိုင်း၏ ကြည်နူးပြုံးရွှင်နေသည့်မျက်နှာကလေးကိုပဲ အမြဲမြင်ချင်၏။ စိုင်း ဝမ်းနည်းအားငယ်နေပြီဆိုလျှင် သူ နည်းနည်းလေးမျှ စိတ်မကောင်းဘဲ မနေတတ်မထိုင်တတ်ဖြစ်ရလေသည်။ထို့ကြောင့် ဆေးရုံတက်နေစဉ်အတွင်း ပူဆွေးသောကရောက်နေသော စိုင်းကို ပျော်ရွှင်လာအောင် တတ်နိုင်သလောက် ကြိုးစားသည့်အနေဖြင့် တစ်ရက်၌ ဆရာဝန်နှင့် နာ့စ်များဝင်မလာနိုင်အောင်အခန်းတံခါးကို အရင်လော့ချလိုက်ပြီး နာမည်ကြီး Kpop Idol Group တချို့၏ သီချင်းများဖွင့်လျက် ရှက်ရွံ့ပူထူစွာ နှစ်ပုဒ်သုံးပုဒ်လောက်ကပြခဲ့၏။ Big Bang ၏ Bang Bang Bang ၊ Exo ၏ Call me baby နှင့် Girls’ Generation ၏ Gee Gee Gee Gee Bae Bae Bae Bae ။ အနည်းငယ် ကြောင်တောင်တောင်နိုင်စွာ မကတတ် ကတတ်ဖြင့် ကနေသော သူ၏ကကွက်များကို စိုင်း သဘောကျပြုံးရွှင်စွာ ငေးကြည့်နေရင်းက Girls’ Generation ၏ Gee သီချင်းရောက်တော့ သူ၏ တမင်လုပ်ယူထားသော ကနွဲ့ကလျဟန် ပြောင်ချော်ချော်ကကွက်ကလေးများကြောင့် စိုင်း စိတ်လိုလက်ရအသံထွက်ရယ်မောလိုက်သောအခါ အဲသည်တုန်းက
သူ ကျေနပ်ပျော်ရွှင်မဆုံးဖြစ်ခဲ့ရပါသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student