Chapter ( 18 ) 19 *

42.7K 3.2K 23
                                    

စနေ၊  တနင်္ဂနွေနေ့များမှာ စိုင်း အိပ်ရာကနိုးလာပြီဆိုလျှင် ဆရာသည် ဆေးရုံသွားဖို့အတွက် အဝတ်အစားလဲ ပြင်ဆင်ပြီးနေတာများပြီး ဒီနေ့ကြမှ ထူးခြားစွာ အိပ်ရာပေါ်မှာပဲရှိနေသေးသဖြင့် စိုင်း အံ့အားသင့်နေ၏။ ဆရာသည် စောင်ကို ရင်ဘတ်အထိ ဆွဲခြုံထားပြီး ပက်လက်လှန်လျက် ညင်သာနူးညံ့သော အသက်ရှူသံမှန်မှန်ဖြင့်
ငြိမ်သက်စွာ အိပ်ပျော်နေလေသည်။ တစ်နေ့တာကို အချိန်သတ်မှတ်ချက်များဖြင့် တိကျစွာဖြတ်သန်းလေ့ရှိသော ဆရာ့ကို အခုလိုအခြေအနေမျိုးဖြင့် စိုင်း အရင်က မကြုံဖူးပါ။

မနေ့ညတုန်းက ဆရာသည် ဆေးပညာရပ်ဆိုင်ရာစာအုပ်အထူကြီးကို ညဉ့်နက်သည်အထိ စိတ်ဝင်တစား ဖတ်ရှုဟန်တူပါသည်။ ထို့ကြောင့် အိပ်ရေးပျက်ကာ မနိုးတာဖြစ်မည်ဟု စိုင်း ဖြစ်နိုင်ချေကို ခပ်ရေးရေး တွက်ဆမိသည်။ ဒါမှမဟုတ် ဆရာ နေမကောင်းဖြစ်နေတာများလား။ လေများဖြန်းနေသလား။

စိုးရိမ်ပူပန်သွားသောစိတ်ဖြင့်
စိုင်းသည် ဆရာ့ကုတင်ရှိရာသို့ အလျှင်အမြန် ချဉ်းကပ်သွားလိုက်ကာ ဆရာ့နဖူးကို အသာအယာစမ်းကြည့်လိုက်၏။ နဂိုတည်းက အိပ်ရေးဆတ်သူဖြစ်သောကြောင့်လား၊
ဒါမှမဟုတ် စိုင်း သူ့အနားရောက်လာသည်အထိ
တမင်သက်သက် အိပ်ချင်ယောင်ဆောင်နေတာလားမပြောတတ်။ အသားချင်းထိသွားသောအခါ ရုတ်တရက် ဆရာ့မျက်ခွံများ ဖျတ်ခနဲ ပွင့်လာ၏။ စိုင်း ရုတ်တရက် အလန့်တကြားဖြစ်ကာ လက်ကိုပြန်ရုတ်လိုက်လျှင် ဆရာက စိုင်းလက်ကို အမိအရဆုပ်ကိုင်ထားခဲ့သည်။
ထို့နောက်မှာတော့ စိုင်းသည် ဆရာ၏ အင်အားပါသော ဝေ့ခနဲ ဆွဲယူပွေ့ဖက်လိုက်မှုကြောင့် အိပ်ရာပေါ် ပက်လက်လှန်ကျသွားရ‌လေသည်။

ဆရာသည် စိုင်း၏ လက်မောင်းဘေးမှာ လက်ဖျံထောက်၍ စိုင်းကို အပေါ်စီးကနေ အုပ်မိုးကြည့်နေ၏။ ဝေခွဲရခက်သော အဓိပ္ပါယ်များ ပြည့်နှက်နေသည့် ဆရာ့ မျက်ဝန်းနက်နက်တွေကို စိုင်း ကြောင်တောင်တောင်ငေးကြည့်ရင်း ပါးပြင်တွေ နွေးခနဲ ဖြစ်သွားကာ နှလုံးခုန်သံများ တဒိတ်ဒိတ်မြန်ဆန်လာခဲ့သည်။

“ ဘာ ... ဘာဖြစ်လို့လဲ ဆရာ ”

စိုင်း အသံတွေ သိသိသာသာ တုန်ယင်နေ၏။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now