Chapter ( 29 ) 32*

32.9K 2.4K 25
                                    

တစ်ခုသော ညခင်း၌ သက်သက်ဝေသည် လက်တစ်ဖက်ကစတီးချိုင့်ကိုဆွဲလျက် လာနေကြအချိန်ထက် အနည်းငယ်စော၍ ထွန်းကိုကိုဆီသို့  ရောက်လာခဲ့၏။ သူမရောက်လာချိန်၌ ထွန်းကိုကိုသည် ဆေးရုံကစီစဉ်ပေးသော စွတ်ပြုတ်သောက်နေသည်ဖြစ်ရာ ကုန်လုနီးပါးတောင်ဖြစ်နေခဲ့ပြီ။

“  ဟာ … မောင်က စားတောင်စားနေပြီ ။ ဒီမှာ
မောင့်အတွက် မောင်ကြိုက်တဲ့ကြေးအိုးကို ကိုယ်တိုင်လုပ်ထားတာ အလကားဖြစ်ပါပြီ ”

သက်သက်ဝေက နှမျောတသဖြစ်ကာ ရေရွတ်လိုက်၏။
ထွန်းကိုကိုသည် ဗိုက်တင်းနေခဲ့ပြီဖြစ်သော်လည်း သက်သက်ဝေ၏ စေတနာကို အသိအမှတ်ပြုလိုသောစိတ်၊ အားနာသောစိတ်တို့ ရောယှက်လျက် ဝင်သလောက်ထပ်စားဖို့ ဆုံးဖြတ်လိုက်သည်။

“ ကိုယ်ထပ်စားမှာပေါ့ သက်ရဲ့၊ အလကားမဖြစ်စေရပါဘူး ”

“ အဲတာကြောင့်မောင့်ကို ချစ်ရတာ ”

သက်သက်ဝေက ရွှင်ပျကြည်နူးလျက်ရှိသော မျက်နှာပေးဖြင့် နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်ပြီးနောက် ချိုင့်ဖွင့်ကာ ထွန်းကိုကို ကြေးအိုးသောက်ဖို့ပြင်ဆင်ပေးလေသည်။ ထွန်းကိုကိုကတော့ သူမ၏ လှုပ်ရှားပုံကို သေသေချာချာ ငေးစိုက်ကြည့်နေမိ၏။ သူမနှင့်အတူရှိနေသည့်အချိန်ကလေးများကို တိမ်းညွတ်ကြည်နူးနေရမည့်အစား ဘာကြောင့် နှလုံးသားက ထူးထူးခြားခြားတည်ငြိမ်လျက်ရှိသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေမိလျက်ရှိသည်။

“ မောင် အခုလာမယ့် Sunday မှာ ဆေးရုံကနေဆင်းဖို့ သက် ဆေးရုံအုပ်ကြီးကို ပြောထားတယ် ”

ဇွန်းနှင့်နှုတ်ခမ်းမထိရသေးခင် ထွန်းကိုကို သူမကို ဖျပ်ခနဲမော့ကြည့်မိသွားသည်။ အရင်က သူမ၏ ဆန္ဒများအနောက်မှာ သူ နာခံကျိုးနွံစွာနေခဲ့သည်။ အခုတော့ သူ့ကိုမတိုင်ပင်ဘဲ  သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အတင်းဝင်ရောက်စွက်ဖက်သည်ဟု ထင်ကာ သိပ်မနှစ်မျို့ချင်တော့ပေ။ ထိုအခါ ထွန်းကိုကို၏မျက်နှာပေါ်က သဘောမကျသည့်အရိပ်အကဲတစ်ခုခုကို ပါးနပ်စွာ အကဲခတ်မိသွားသော သက်သက်ဝေသည် တတ်နိုင်သလောက် လေသံကို ပျော့ပျောင်းညင်သာစွာဖြင့်  သိမ်းသွင်းခဲ့လေသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now