Chapter ( 2 ) *

60K 4.7K 96
                                    

စိုင်း နှင့် ကျော်ဇောတို့နှစ်ယောက် ကန်တင်းမှာ အတူထိုင်နေတုန်း ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အခြေအနေတစ်ခုကို ကြုံရ၏။ ယောကျ်ားလေး တစ်ယောက်အား မိန်းကလေးတွေ ပတ်လည် ဝိုင်းနေပြီး ဓာတ်ပုံတွေ တချပ်ချပ် ရိုက်နေကြသည့်မြင်ကွင်းကို စိုင်း အထူးအဆန်းသဖွယ် ငေးကြည့်ရင်း ကျော်ဇောကိုမေးလိုက်သည်။

" အဲတာ ဘယ်သူလဲကွ "

" မင်းမသိဘူးလား အဲတာ ဒီကျောင်းရဲ့ King ကွ ။ နာမည်က Joy တဲ့ ။သူက မော်ဒယ်လည်း လုပ်တယ်။ ကြေငြာတွေလည်း ရိုက်တယ်၊
အခု ရုပ်ရှင်တောင်ရိုက်ပြီးပြီကြားတာပဲ၊
တော်တော် နာမည်ကြီးတယ်၊ မင်းသူ့ကိုတကယ်
မသိဘူးလား "

စိုင်းသည် Social Media ကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသော ခေတ်လူငယ်တစ်ယောက်ဖြစ်သော်လည်း လက်ရှိနာမည်ကြီးနေသော ဆယ်လီတွေအကြောင်း မသိတာများပါသည်။

" ဟင့်အင်း။ ငါသူ့ကို အခုမှသိတာ "

ထို့နောက် သူတို့နှစ်ယောက် ထမင်းဆက်စားနေလိုက်ကြသည်။ သူများတွေက ကိုယ် ဗိုက်ဆာတာကိုတောင် လျစ်လျူရှုပြီး အဲမင်းသားကို ငေးကြည့်နေကြချိန် သူတို့နှစ်ယောက်ကတော့ ဗိုက်ဆာတာထက် ဘာကမှ အရေးမကြီး။

ဆယ်လီများနှင့် သူတို့၏ ပက်ပက်သက်သက်
အကြောင်းအရာများကို သိပ်စိတ်မဝင်စားသော စိုင်းသည် မကြာခင်အချိန်အတွင်း အဲသည်မင်းသားနှင့် မမျှော်လင့်ဘဲ ပြဿနာတက်ရလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
အဖြစ်အပျက်သည် ကျော်ဇောတစ်ယောက် အခန့်မသင့်ဘဲ အစာနင်သွားတာကစပါသည်။

" နေနေ ငါရေ သွားယူပေးမယ် ခဏစောင့် "

စိုင်းသည် ဖန်ခွက်တစ်ခွက်ဖြင့် ဆိုင်ထဲက Water Cooler ထဲကနေ ရေသွားပြေးခပ်ပြီး အလောတကြီး ပျာယာခတ်စွာ ပြန်လာခဲ့၏။
အဲသည်အချိန်မှာပဲ မိမိ၏လမ်းကြောင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသော သူနှင့် ဝင်တိုက်မိသွားကြခြင်းဖြစ်သည်။ ဖန်ခွက်ထဲက ရေတစ်ဝက် ဖိတ်စင်ကျသွားကာ သူ့ရင်ဘတ်တစ်ခုလုံး စိုရွှဲသွားလေသည်။

" ဟာ ... shit !! မင်းလူတစ်ယောက်လုံးလာတာ
မမြင်ဖူးလား "

မကျေနပ်စွာ ဆဲလိုက်သော သူ့လေသံကြောင့် စိုင်း ထောင်းခနဲ ဒေါသထွက်သွားရ၏။ သို့သော် ထိုဒေါသကိုကြိုးစားထိန်းချုပ်၍
ခပ်သွက်သွက် တောင်းပန်လိုက်ပါသည်။

" ဟုတ်ကဲ့ ဆောရီးပါ မတော်လို့ပါ "

ထို့နောက် စိုင်း ကျော်ဇောထံသို့ လှစ်ခနဲ ပြေးသွားခဲ့သည်။

" ရော့ မြန်မြန်သောက်လိုက် ကျော်ဇော၊
နင်တာ ပျောက်သွားလိမ့်မယ် "

ကျော်ဇောက ဖန်ခွက်ကို ကမန်းကတန်းလှမ်းယူပြီး ခေါင်းမော့ကာ တစ်ကျိုက်တည်းမော့ချလိုက်သောအခါ လည်ချောင်းဝ၌ တစ်ဆို့လျက်ရှိသော ဝေဒနာသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

" ကျေးဇူးပါပဲ စိုင်းရာ။ ကျေးဇူးပါ "

အဲသည်အချိန်မှာပဲ စိုင်း၏ တောင်းပန်မှုက ဝတ်ကြေတန်းကြေ ဆန်လွန်းသည်ဟုဆိုကာ မကျေမနပ်ဖြစ်သွားခဲ့သော Joy တစ်ယောက် သူတို့အနားသို့ရောက်လာခဲ့၏။

" ခုနက မင်း ဘာအချိုးချိုးတာလဲ၊ တောင်းပန်တာ သောက်ချိုးကိုမပြေဘူး၊ စီနီယာတစ်ယောက်ကို မလေးမစားနဲ့၊ မျက်စိထဲလုံးဝ ခရော့စ်ပဲ၊
မင်း ကြပ်ကြပ်သတိထား "

Joy သည် စိုင်းကို လူတွေကြားထဲ လက်ညှိုးထိုး၍ မာမာထန်ထန်ပြောပြီး ချာခနဲ လှည့်ထွက်သွားတော့၏။ စိုင်း ပြန်ခံပက်ပြောချိန်တောင်မရလိုက်ဘဲ ခပ်ကြောင်ကြောင် ကျန်ရစ်ခဲ့သည်။ ဘယ်လိုလူပါလိမ့် ။ သူ့ကိုယ်သူ ဆယ်လီဆိုပြီး
မာန်တက်နေတာလား။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now