Test 1 စာမေးပွဲဖြေအပြီး သင်္ကြန်ပိတ်ရက်ရောက်သောအခါ စိုင်း တောင်ကြီးကိုပြန်ဖို့ စီစဉ်ရသည်။ အမေတစ်ခုသားတစ်ခုဘဝဖြစ်၍ စိုင်း မန္တလေးရောက်နေချိန်၌ အမေ တစ်ယောက်တည်း သားဖြစ်သူကို အထီးကျန်လွမ်းဆွတ်ကာ ကျန်နေရစ်ခဲ့ရရှာသည်။
ယခုအခါ ဖေဖေဆုံးပါးသွားခဲ့ပြီ ဖြစ်သောကြောင့် အိမ်၏ စီးပွားရေးကို မေမေတစ်ယောက်တည်း ထက်မြက်စွာ ရုန်းကန်နေရပြီ။ တစ်ချက်ကလေးမှ မျက်နှာလွှဲ၍ မဖြစ်သော အခြေအနေဖြစ်ရာ မေမေသည် စိုင်းနဲ့အတူ မန္တလေးသို့လိုက်ပြောင်းနေဖို့ကလည်း မဖြစ်နိုင်ချေ။ နှစ်ပေါင်းများစွာ ဒီမြို့မှာ အခြေတည်ခဲ့သော စီးပွားရေးကို တခြားမြို့ကိုပြောင်း၍ အသစ်ကပြန်စရမည်မှာ လက်တွေ့မှာ မလွယ်ကူလှသော အခြေအနေဖြစ်၏။ အဲတာတွေထက် ပိုအရေးကြီးတာက မေမေ့အတွက် ဖေဖေ၏ သက်ဝင်လှုပ်ရှားမှု အငွေ့အသက်များ ကျန်ရစ်ခဲ့သော ဤမြို့ကနေ မစွန့်ခွာနိုင်တာက အဓိကအကြောင်းအရင်း ဖြစ်ခဲ့သည်။သို့သော် စိုင်းကိုတော့ မေမေသည် မျှော်လင့်ချက် ကြီးကြီးမားမားထားပြီး တောင်ကြီးကနေ လေးလေးရှိရာ မန္တလေးသို့ စိတ်လိုလက်ရ ပြောင်းစေခဲ့လေသည်။ လေလေးက ထူးချွန်ထက်မြက်၍ အလုပ်ကြိုးစားသော၊ ဆေးပညာနဲ့ပက်သက်ပြီး အကောင်းဆုံးတက္ကသိုလ်ကနေဘွဲ့ရထားခဲ့သော နာမည်ကြီး သမားတော်ကြီးမဟုတ်လား။လေးလေးနှင့်သာ လက်ပွန်းတတီးရှိလျှင် စိုင်း၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မည်ဟု အမေက အမျှော်အမြင်ကြီးစွာ တွက်ဆသည်။ ထို့ကြောင့် စိုင်း ဒုတိယနှစ်ရောက်သောအခါ မန္တလေးဆေးတက္ကသိုလ်သို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည်။
စိုင်းကိုယ်တိုင်ကလည်း နယ်မြေအသစ်၏ အတွေ့အကြုံအသစ်မှာ လွတ်လပ်စွာလှုပ်ရှားသွားလာရမည်ကို စိတ်ဝင်စားတက်ကြွလျက်ရှိသောကြောင့် မန္တလေးမရောက်ခင်ကတည်းက ကျိတ်ကျေနပ်နေခဲ့ရသည်။ သည်ကြားထဲမှာ ဆရာထွန်းကိုကိုနှင့် တစ်ခန်းတည်းအတူနေထိုင်ခွင့်ရပြီး ဆရာ့ကိုချစ်ခွင့်ရလိုက်သေးသည်။
မန္တလေးဟာ စိုင်းအတွက် ဘယ်လောက်တောင် သာယာလှပလိုက်တဲ့ သုခဘုံလေးလဲ။ အချိန်တိုင်း ဆရာ့ကိုချစ်နေ၊ ဆရာ့မျက်နှာကို ချစ်ခင်မြတ်နိုးစွာဖြင့် အရိပ်တကြည့်ကြည့် အကဲခတ်နေရတာနဲ့တင် ကိုယ့်မွေးရပ်မြေ တောင်ကြီးမြို့ကိုတောင် နည်းနည်းလေးမှ မလွမ်းအားချေ။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student