“ ကိုယ် နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ် စိုင်းလေး ”
“ အဲတာဆိုရင် ကျနော့်လက်ကို မြဲမြဲတွဲထား ”
သင်္ကြန်မတိုင်ခင် နှစ်ရက်အလို၌ စိုင်း၏ မေမေအားရေကန်တော့ရန် စိုင်းနှင့်ထွန်းကိုကိုတို့နှစ်ယောက် တောင်ကြီးမြို့သို့ ရောက်လာခဲ့ကြ၏။ ထွန်းကိုကိုသည် ယောက္ခမကြီးနှင့် တေ့တေ့ဆိုင်ဆိုင် တစ်ခါမှမဆုံခဲ့ဖူး၍
မန္တလေးမြို့ကနေ ထွက်လာကတည်းက စိတ်လှုပ်ရှားနေခဲ့လေရာ ယခုအိမ်၏ ဆင်ဝင်ရှေ့ရောက်သောအခါ ကိုယ့်ရင်ခုန်သံမှာ ကိုယ့်နားကပြန်ကြားရလောက်အောင် သိသိသာသာ ကျယ်လောင်လာခဲ့ပြီး စိုးရိမ်ကြောက်ရွံ့စိတ်များဝင်ရောက်လာခဲ့ရလေသည်။ သူ့ကြောင့် သူမ၏သား
ပျက်သုန်းကြေကွဲခဲ့ရသည်များကို နာကျင်စွာ ကြုံတွေ့ခံစားရခဲ့ရသော မိခင်တစ်ယောက်အနေဖြင့် သူ့အပေါ် လွယ်လွယ်နှင့်ခွင့်မလွှတ်နိုင်ဘဲ သူမထံ၌
မကျေမနပ်စိတ်များ ရှိကောင်းရှိနေနိုင်သည်ဟု ထွန်းကိုကို မချင့်မရဲ တွက်ဆကြည့်နေမိသည်။စိုင်းသည် ဆရာ့နားထင်စပ်က ဇောချွေးလေးများကို တစ်ချက် ဝေ့ကြည့်ရင်း နွေးထွေးနှစ်သိမ့်စွာ ပြုံးပြလျက်
အနည်းငယ်အေးစက်လျက်ရှိသော ဆရာ့ ကြီးမားကျယ်ပြန့်လှသော လက်ဖဝါးတစ်ဖက်ကို အသာအယာဖျစ်ညှစ်လိုက်၏။ နေမကောင်းဖြစ်နေသလို ခပ်ယဲ့ယဲ့အပြုံးမျိုး ဆရာ့မျက်နှာပေါ်မှာ မြင်ရသည်။သူတို့အိမ်ထဲ ဝင်သွားကြတော့ ဧည့်ခန်းနှင့်ကပ်လျက် မှန်နံရံများဖြင့် တည်ဆောက်ထားသော အခန်းလေးထဲက စားပွဲပေါ်၌ လက်ပ်တော့တစ်လုံးဖြင့် ကျားကုတ်ကျားခဲ အလုပ်ရှုပ်လျက်ရှိသော အမျိုးသမီးကြီးတစ်ဦးကိုတွေ့ရသည်။ အသက်အရွယ်အားဖြင့် ၅၀ ကျော်ပြီဟု မထင်ရလောက်အောင် နုနယ်သော အမျိုးသမီးဖြစ်ပါသည်။ သူမသည် ဖျပ်ခနဲ မော့ကြည့်လာပြီး စိုင်းတို့ကိုမြင်သောအခါ ဝမ်းသာအားရဖြင့် အနားသို့ ဖျတ်လတ်သွက်လက်စွာလျှောက်လာသည်။ ထွန်းကိုကိုအား တစ်ချက်ဝေ့ကြည့်ပြီးနောက် သူမ၏ တစ်ဦးတည်းသောသား ရင်နင့်သည်းချာလေးဖြစ်သော စိုင်းလေးကို နွေးထွေးတင်းကျပ်စွာ ပွေ့ဖက်လေသည်။ ကျောပြင်ကိုပုတ်လျက် သားလေးကို မေမေက အရမ်းလွမ်းနေတာလို့ ထပ်ခါထပ်ခါပြောလျက်ရှိသည်။ သားအမိနှစ်ယောက်၏ ချစ်ခြင်းမေတ္တာတရားကို ငေးကြည့်ရင်း ထွန်းကိုကိုအားကျစွာ ကြည်နူးပြုံးရွှင်သွားရသည်။ ထို့နောက် စိုင်းက သူ့ဘက်သို့ ဗြုန်းခနဲ လှည့်ကြည့်လာကာ သူမနှင့် မိတ်ဆက်ပေး၏။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student