စိုင်းမင်းခန့် အိပ်ရာကနိုးလာခဲ့တဲ့အချိန်မှာ ညရှစ်နာရီခွဲရှိနေပေပြီ။ ခါတိုင်း ညစာစားနေကြအချိန်ထက် တစ်နာရီခွဲတိတိကျော်လွန်နေခဲ့ပြီဖြစ်တာကြောင့် ချက်ချင်းပဲ ဗိုက်က တဂွီဂွီမြည်ရင်း အချက်ပြလာခဲ့သည်။ ရှုပ်ပွနေသော ဆံပင်ကို သပ်ရပ်အောင်ပြုပြင်ပြီးနောက် ခါတိုင်း စားနေကျ စားသောက်ဆိုင်သို့ထွက်လာခဲ့သည်။
အဆောင်ကနေ လမ်းလျှောက်သွားပါက ဆယ်မိနစ်လောက်သာကြာနိုင်သည့် အကွာအဝေး၌တည်ရှိသော ထိုဆိုင်လေးသည် Decoration လှပြီး ဥရောပအစားအစာများသာမက ထိုင်းအစားအစာများပါ စုံလင်စွာရသောဆိုင်ဖြစ်၍ စိုင်း စွဲလမ်းနှစ်သက်မိသည်။ သို့သော် ထိုဆယ်မိနစ်လမ်းလျှောက်ရမည့်အကွာအဝေးသည် ညောင်းညာကိုက်ခဲနေသော စိုင်းခြေသလုံးတွေအတွက်တော့ ကြီးမားသော ဒုက္ခရောက်ခြင်းဖြစ်နေ၏။
စိုင်း ကွတကွတဖြင့် ဆိုင်ကို ရောက်အောင်သွားပါသည်။ လမ်း၏ တစ်ဖက်ခြမ်း၌ တည်ရှိသော ဆိုင်ကလေးဆီသို့ စိုင်း ဘေးဘီမကြည့်ဖြစ်တော့ဘဲ သတိလက်လွတ်ဖြင့် လမ်းကိုဖြတ်ကူးမိသည်။
ဟွန်းတီးသံကြောင့် ဘေးကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ စူးရှလင်းလက်နေသော ကားမီးရောင်ဖြင့် မိမိထံသို့ တည့်တည့်လာနေသည့် ဒိုင်နာကားကြီးတစ်စီးကို စိုင်း အလန့်တကြား တွေ့လိုက်ရလေသည်။ ရုတ်တရက် ဆိုတော့ စိုင်း မရှောင်မတိမ်းနိုင်ဘဲ ကြက်သေသေကာ ကြောင်ကြည့်နေမိ၏။ မြွေတစ်ကောင်၏ ညှို့ယူခံထားရသလို ကျောက်ရုပ်ကြီးတစ်ခုအတိုင်း မလှုပ်မယှက်ရပ်နေမိရင်း နှလုံးခုန်နှုန်းများ အဆမတန်မြန်ဆန်လာပါသည်။ စိုင်း မျက်စိကို စုံမှိတ်ထားမိသည်။
နားစည်ကွဲမတတ် ကျယ်လောင်စွာ အဆက်မပြတ်ထွက်ပေါ်လျက်ရှိသော ကား၏ ဟွန်းသံသည် မိမိရပ်နေသည့်နေရာနှင့် အကွာအဝေး ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ ခန့်မှန်း၍ မတတ်နိုင်တော့။ ဘုရားဘုရား ငါသေရတော့မှာလား။ထိုအချိန်မှာပင် မိမိခန္ဓာကိုယ်သည် တစ်စုံတစ်ယောက်၏ လေပွေ မုန်တိုင်းတစ်လို ဆွဲဝှေ့ပွေ့ဖက်လိုက်ခြင်းကိုခံလိုက်ရသည်။ စိုင်းကားကြီးနဲ့ သီသီကလေး လွတ်သွားပါသည်။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student