မန္တလေးဆေးတက္ကသိုလ်၏ နယ်နမိတ်အတွင်းသို့
ခြေချလိုက်သည်နှင့် စိုင်းမင်းခန့် အင်မတန်
စိတ်လှုပ်ရှားနေမိ၏။ ပထမနှစ်တုန်းက မိမိ တက်ရောက်ခဲ့ရသော တောင်ကြီးဆေးတက္ကသိုလ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ပတ်ဝန်းကျင်အနေအထား၊ စာသင်ဆောင်အဆောက်အဦးဒီဇိုင်းများ ဘာမှမဆိုင်လောက်အောင် ကွဲပြားခြားနားလျက်ရှိသည်။ မြို့ပြင်မှာမဟုတ်ဘဲ မန္တလေးမြို့တွင်း၌ တည်ရှိသော ရှားရှားပါးပါး တက္ကသိုလ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော မန္တလေးဆေးတက္ကသိုလ်သည် ယာဉ်သွားယာဉ်လာများဖြင့် ရှုပ်ယှက်ခတ် ဆူညံလျက်ရှိသော လမ်းသုံးဆယ် လမ်းမကြီးဘေးတွင် တည်ရှိသောကြောင့်လည်းကောင်း၊ တက္ကသိုလ်ဝင်းသည် လုံလောက်စွာ မကျယ်ဝန်းလှသည်ဖြစ်ရာ စာသင်ဆောင် အဆောက်အဦးများကို တစ်ဆောင်နှင့်တစ်ဆောင် နီးနီးကပ်ကပ် ကျပ်သိပ်စွာ နေရာချထားသောကြောင့်လည်းကောင်း၊ နောက်ပြီး တောင်ကြီးဆေးတက္ကသိုလ်နှင့်ယှဉ်လျှင် သစ်ပင်ရိပ်များ နည်းပါးသောကြောင့်လည်းကောင်း စရောက်ရောက်ချင်းမှာပင် စိုင်း အနည်းငယ် စိတ်မွန်းကျပ်သလိုခံစား လိုက်ရသည်မှာ အမှန်ပင်ဖြစ်သည်။ပုဂ္ဂလိက ဆေးရုံကြီးတစ်ခုရဲ့ ဆေးရုံအုပ်ကြီးဖြစ်ရုံသာမက ဤဆေးတက္ကသိုလ်ကြီး၏ ပါချုပ်ကြီးလည်း ဖြစ်သော စိုင်း၏ဦးလေးဖြစ်သူက စိုင်း နေရမယ့် အဆောင်အခန်းကို စီစဉ်ပေးထား၏။
တကယ်က လေးလေးသည် စိုင်းကို ကျောင်း၏အဆောင်မှာ မနေစေချင်ဘဲ
မြို့သစ်ဘက်က ကြီးမားကျယ်ဝန်းလှတဲ့ သူရဲ့တိုက်ကြီး မှာလိုက်နေစေချင်သည်။
သို့သော် မန္တလေးရောက်လျှင် တက္ကသိုလ် ကျောင်းသားဘဝကို အဆောင်နေရင်း လွတ်လွတ်လပ်လပ် စည်းနဲ့ ဘောင်နဲ့ ဖြတ်သန်းမည်ဟု စိတ်ကူးယဉ်ထားခဲ့သော စိုင်းက လက်သင့်မခံခဲ့ချေ။ တက္ကသိုလ်၏အဆောင်မှာပဲ မနေရလျှင် ကျောင်းလုံးဝမတက်နိုင်တော့ဘူးဟု
ဆန္ဒပြပူဆာသဖြင့် တားမရတဲ့ အဆုံး လေးလေးရော
မေမေပါ ခွင့်ပြုလိုက်ရပါသည်။ သို့သော် ချွင်းချက်တစ်ခုကိုတော့ စိုင်း လိုက်လျောခဲ့ရ၏။ အဲတာကတော့ အဆောင်မှာ စိုင်းကို တစ်ယောက်တည်း သီးသန့်တစ်ခန်း နေခွင့်မပေးဘဲ လေးလေး ယုံကြည်စိတ်ချရသော သူ့တပည့်လေးတစ်ယောက်နှင့် တစ်ခန်းတည်းအတူတူနေရမည်ဆိုသော အချက်ဖြစ်သည်။ စိုင်းက မိမိ၏ ပုဂ္ဂလိက လွတ်လပ်မှုကို အဟန့်အတား ဖြစ်လိမ့်မည်ဟု ယူဆကာ ငြင်းဆန်ဖို့ကြိုးစားမိ၏။ သို့သော် လေးလေးက အခုလို သူ့စီစဉ်ပေးမှုကို လက်သင့်မခဲ့ပါက အဆောင်မှာနေခွင့်ပေးလိမ့်မည်မဟုတ်ဘဲ သူ့အိမ်သို့လိုက်နေဖို့တစ်နည်းသာ ရှိတော့သည်ဟု ယတိပြတ် ဆိုသဖြင့် စိုင်း အတွန့် ဆက်မတက်တော့ဘဲ နာခံခဲ့ရသည်။
KAMU SEDANG MEMBACA
Dear Doctor Handsome [ Unicode + ZawGyi ]
Fiksi RemajaDoctor Handsome & Medical Student