Chapter ( 24 ) အဆက် 27 *

34.7K 2.5K 84
                                    

သုံးပွင့်ဆိုင်ပြဿနာ အကြီးအကျယ် တက်ပြီးသွားသည့်နောက် ဒေါက်တာသက်သက်ဝေသည် ခွင့်ယူပြီး ရက်အတော်ကြာ ပျောက်သွားခဲ့၏။ သူမအစား ပထမနှစ်ဝက်တုန်းက ဆရာမကပဲ စိုင်းတို့အတန်းကို စာဝင်သင်ရသည်။ ကြည့်ရတာ အဲဒီနေ့ညနေက အဖြစ်အပျက်မှာ သူမ တော်တော် နာကျင်ခံစားသွားရတဲ့ပုံပဲ။
ဒါမှမဟုတ် တစ်စုံတစ်ခု ကြိတ်အကြံအစည်ထုတ်နေတာများလား။ သူမဆီမှာ ဆရာနှင့်မိမိတို့၏ ဓာတ်ပုံတွေရှိနေခဲ့သည်။ အဲသည်ဓာတ်ပုံတွေနဲ့ သူမ ဘာအကွက်တွေထုတ်သုံးနိုင်မလဲမသိနိုင်။ သူမသာ အဲဒီဓာတ်ပုံတွေကိုဖြန့်လိုက်မည်ဆိုလျှင် ဆေးတက္ကသိုလ်တစ်ခုလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားပြီး သူတပါး၏ဖြစ်တည်မှုကို နားလည်လက်ခံမပေးနိုင်သည့် လူတချို့သည် ကျောင်းသားများက
ခပ်ရှိန်ရှိန်ဖြင့် လေးစားကြောက်ရွံ့ရသော ဆရာ့ကို သေချာပေါက် ဂုဏ်သိက္ခာညှိုးနွမ်းအောင် သွားပုတ်လေလွင့် ကဲ့ရဲ့ကြလိမ့်မည်။ ထိုအခါ ဆရာသည် သူ့လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ခက်ခဲပင်ပန်းစွာ ရပ်တည်နေရမှာသေချာ၏။ အဲသည်လို အခြေအနေဖြစ်လာခဲ့မှာစိုင်း အင်မတန် ကြောက်မိပါသည်။ အခုထိတော့ သူမဘက်က ဘာမှမလှုပ်ရှားလာသေးသော်လည်း စိုင်း နေ့ရက်တိုင်းကို စိုးရိမ်ကြောင့်ကြမှုမကင်းစွာ ဖြတ်သန်းနေခဲ့ရသည်။

စိုင်းအတွက်ကတော့ ဂေးနေမှန်း ဆေးကျောင်းတစ်ကျောင်းလုံးသာမက မြန်မာပြည်မှာရှိတဲ့တက္ကသိုလ်တိုင်းကသိသွားလည်း အခက်မခဲမရှိ ရင်ဆိုင်နိုင်မှာ သေချာသည်။ စိုင်းဘက်မှာ စိုင်း၏ ဖြစ်တည်မှုကို နားလည်စွာ လက်ခံပြီး မားမားမတ်မတ်ရပ်တည်ပေးမည့် သူငယ်ချင်းကျော်ဇောရှိသည်။ နောက်ပြီး Joy လည်းရှိနေသည်။

တစ်ခါက ကျော်ဇောနဲ့ နှစ်ယောက်အတူ ဘာဘီကျုသွားစားခဲ့ကြ၏။ ဆိုင်မှာ Couple Shirt ဝတ်ထားသော
ယောက်ျားလေးနှစ်ယောက်လည်း ရှိနေခဲ့သည်။
တခြားစားပွဲဝိုင်းက လူတွေက ထိုအတွဲကို
အထူးအဆန်းလို ကွက်ကြည့်ကွက်ကြည့်ဖြင့် ခိုးခိုးခစ်ခစ် လှောင်ပြောင်သရော်နေကြသည်။ ထိုအတွဲကတော့ ပတ်ဝန်းကျင်ကို ဂရုမထားသော်လည်း စိုင်း ကြားထဲကနေ လူတွေရဲ့အကြည့်နှင့် အပြုအမူကို မနှစ်မျို့စွာဖြင့် ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေမိသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now