အိပ်ရာကနိုးနိုးချင်းမှာပဲ ဖုန်းကိုချက်ချင်းဖွင့်ကြည့်လိုက်သည်။ ကိုးနာရီ ငါးမိနစ်ရှိပြီဖြစ်ကြောင်း သိလိုက်ရသောအခါ စိုင်း ချက်ချင်းပင် မျက်လုံးပြူးကျယ်သွားပြီး ဝုန်းခနဲ ထထိုင်လိုက်ရ၏။ ထို့နောက် အဝတ်အစားလဲခြင်း၊ သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်းတို့ကို ဆယ်မိနစ်အတွင်း အမြန်ပြီးစီးအောင် လုပ်ရသည်။ ရေတော့ချိုးလို့မဖြစ်တော့ပါ။ သို့သော်လည်း ကိုးနာရီစတင်သော အတန်းချိန်ကို စိုင်းမင်းခန့် မမီခဲ့ချေ။ စိုင်း စာသင်ခန်းရှေ့ရောက်သောအခါ ဆရာစာသင်နေပြီဖြစ်သည်။ ကျောင်းသားအားလုံး စိတ်ဝင်တစားနဲ့ ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်နေကြပြီး ဆရာ၏ ဝါညက်နေသော အသံတစ်ခုတည်းသာ ပျံ့လွင့်နေလေသည်။
အတန်းဝင်နေတဲ့ ဆရာက တခြားသူတော့မဟုတ်။
စိုင်း ရဲ့ အခန်းဖော် လူ့ဂွစာပါပဲ။စာသင်ခန်းထဲ ဘယ်လိုဝင်ရမလဲဆိုတာ စိုင်းအကြပ်ရိုက်နေမိ၏။ အခုလို ကျောင်းသားအားလုံးစိတ်ပါဝင်စားစွာ နားထောင်နေကြတဲ့အချိန်မျိုးမှာ အနှောင့်အယှက်ပေးမိသလိုဖြစ်မှာ စိုးရိမ်မိတာကြောင့် စိုင်း ခွင့်တောင်းပြီးမဝင်ချင်။ ထို့ကြောင့် ဆရာဟိုဘက်လှည့်ပြီး white board မှာ စာရေးနေတုန်းပြေးဝင်သွားလိုက်မည်ဟု ကြံစည်ထားလိုက်ပြီး ထိုအကြံကို အခွင့်အရေးပေးလာသောအခါ ရုတ်ချည်းပင် လက်တွေ့အကောင်အထည်ဖော်ပစ်လိုက်ပါတော့သည်။
စိုင်း လျှပ်စီးလိုလျှင်မြန်သောအရှိန်ဖြင့် အောင်မြင်စွာ မိမိထိုင်ခုံသို့ရောက်သွားခဲ့သည်။
သို့သော် ခြေထောက်တစ်ဖက်တွင် ဖိနပ်ပါမလာခဲ့ချေ။ စိုင်း ထိတ်ခနဲ လန့်သွားကာ
လှည့်ကြည့်လိုက်တော့ မိမိ၏ ကတီပါဖိနပ်ကလေးသည် ထိုင်ခုံတွေကြားက လျှောက်လမ်းမှာ အထင်းသား။
ဆရာတစ်ဖက်ပြန်မလှည့်လာခင် အချိန်အတွင်းမှာ ထိုဖိနပ်ကို အပြေးသွားယူလိုက်ဖို့ စိုင်း လှုပ်ရှားလိုက်၏။ သို့သော် မမီတော့။ ဆရာသည် ကျောင်းသားများဘက်သို့လှည့်လာပြီး
ဖိနပ်ကို ချက်ချင်း သတိပြုမိသွား၏။ သွားပြီ။" ဒါ ဘယ်သူ့ ဖိနပ်လဲဟေ့ "
ကျောင်းသားအားလုံးရဲ့ ခပ်အုပ်အုပ် ရယ်သံထွက်လာသည်။ သို့သော် ဆရာ၏ မျက်နှာကြောတင်းမာမှုကြောင့် သူတို့ ကျယ်လောင်စွာ ရဲရဲတင်းတင်း မရယ်မောရဲကြပါ။
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student