Chapter ( 33 ) 38*

32.1K 2.4K 45
                                    

ထွန်းကိုကို သည် ပြေးထွက်သွားသော စိုင်းကို
ကြောင်စီစီ ငေးကြည့်ရင်း စိတ်တွေ လေးလံထုံမှိုင်းလျက်ရှိသည်။

“ ဒီအချိန်ကစပြီး
ကိုယ့်ဘဝမှာ မင်းတစ်ယောက်ပဲရှိတယ်
ကိုယ်မင်းကို ဘာအကြောင်းကြောင့်နဲ့မှ
မခွဲဘူး ။ ဒီလက်စွပ်လေးတွေဟာ ကိုယ့်
ကတိအတွက် သက်သေပဲ ”

ဒီကလေးဟာ ဘာကြောင့် အဲဒီစကားကိုသိနေရတာလဲ ။ တွေးရင်း ရုတ်တရက်ကြီး သူ့ခေါင်းတွေ တဆစ်ဆစ်ကိုက်လာ၏။

“ မောင် ”

နောက်ကျောဘက်ဆီမှ သက်သက်ဝေ၏ စိုးရိမ်တကြီးခေါ်သံကိုကြားတော့ သူ လက်စွပ်ကို အသာ ဆုပ်ထားလိုက်ပြီး နောက်လှည့်ကြည့်ကာ သက်သက်ဝေကို နွေးထွေးစွာ ပြုံးပြမိသည်။ သူ့အပြုံးကိုမြင်တော့ သက်သက်ဝေ၏ ပူပန်သောကတွေ  သိသိသာသာ လျော့ကျသွားသည်။ သက်သက်ဝေ စိတ်ချလက်ချဖြစ်သွားကာ သူ့လက်မောင်းကို တွဲချိတ်လိုက်၏။

“ သွားရအောင် မောင်၊ မင်္ဂလာအချိန်နီးနေပြီ ”

ထို့နောက် နှစ်ယောက်သား အိမ်ကြီးဆီသို့ ပူးကပ်စွာ လျှောက်လာခဲ့ကြသည်။ မကြာခင် သတို့သား၊ သတို့သမီးတို့သည် အဖြူရောင်မာစီတီး ကားအကောင်းစားကြီးစီးလျက် မင်္ဂလာခန်းမရှိရာ ဟိုတယ်သို့ ထွက်လာခဲ့ကြချိန်၌ ထွန်းကိုကိုသည် ခေါင်းတွေ လေးလံအုံခဲလျက်ရှိသဖြင့် မျက်နှာမပျက်အောင် စိတ်ကိုတင်းထားပြီး ဘာမှမဖြစ်သလို အလိုက်သင့်ပြုံးထားရသည်။ သက်ကို သူ ငဲ့ညှာရမည်။ မင်္ဂလာပွဲမှာ သူ့ကြောင့် အနှောင့်အယှက် တစ်စုံတစ်ရာပေါ်ပေါက်ဖြစ်ပွား၍ သက် စိတ်ဆင်းရဲမည့်ကိစ္စမျိုး သူ နည်းနည်းလေးမှ မလိုလားပါ။ ဤစိတ်ဖြင့် သူ ခန္ဓာကိုယ်၏ ရှိသမျှ စိတ်ဓာတ်ခွန်အားတို့ကိုအသုံးပြုလျက် မင်္ဂလာပွဲပြီးသည့်အထိ ဝေဒနာကိုအံတုကာ ရပ်တည်ရမည်။ သို့သော် သူ
မအောင်မြင်ခဲ့ချေ။ သတို့သားနှင့် သတို့သမီးတို့ မင်္ဂလာစင်မြင့်ရှိရာသို့ လျှောက်လာခဲ့ချိန်မှာတော့ သူသည် မကြာသေးခင်က စိုင်းမင်းခန့်ပြောသွားခဲ့သည့် စကားများကို ထပ်ခါတလဲလဲ ကြားယောင်နေလျက်ရှိ၏။ ထို့နောက်မှာတော့ ခေါင်းတစ်ခုလုံးပေါက်ကွဲလုမတတ် ထိုးကိုက်လာပြီး သူ ဒူးထောက်လျက်သား လဲကျသွားခဲ့ပါတော့သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now