|| 1 ||

44.6K 2.4K 222
                                    

Unicode☕️

ကိုကိုးက နောက်ဆုံးအကြိမ်အနေနှင့် အိမ်အဟောင်းကို တာ့တာပြလိုက်ပါတယ်။ အဲ့ဒီနောက် ဘေးမှာရပ်နေတဲ့ ဆယ့်ငါးနှစ်အရွယ်ညီလေးကို ပုခုံးချင်းတွန်းတိုက်လိုက်ပြီး အိမ်အဟောင်းကိုမေးငေါ့ပြလိုက်ပြန်တယ်။ ဒီအိမ်အဟောင်းကို ကျိန်းသေပေါက် သူတို့နှုတ်ဆက်သင့်တာပေါ့လို့ ကိုကိုးကတွေးထားပါရဲ့လေ။

ညီငယ်လေးက ကိုကိုးအလိုကိုလိုက်​ရင်း ​စိတ်မပါလက်မပါလက်တွေဝှေ့ယမ်းပြလိုက်ပေမယ့် သူ့အစ်ကိုက စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီးတော့ ​ပြဿနာရှိနေလောက်တယ်လို့လည်း  ညီငယ်လေးကတွေးနေခဲ့ပုံရတယ်။

သူတို့​မြို့အသစ်ကိုပြောင်းရွှေ့ရမှာက ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့  ကိုကိုးတို့အ​ဖေရဲ့အလုပ်တာဝန်ကြောင့်ပါ။

မြို့ပြစီမံကိန်း​တွေကြောင့် နယ်မြို့လို့ခေါ်လို့မရနိုင်တဲ့မြို့လေးမှာ ဖွံ့ဖြိုးဆဲကာလအိမ်ယာဆောက်လုပ်ရေး​​တွေအတွက် ကိုကိုးတို့အဖေကအလုပ်တာဝန်ကျခဲ့တယ်လေ။

"ကိုကိုး ညီညီ လာကြတော့လေ"

ညီအစ်ကိုနှစ်ယောက်က အ​မေ့ရဲ့အော်ခေါ်သံနောက်ကို ကောက်ကောက်ပါအောင်ပြေးလွှားသွားကြပြီး အသင့်ရပ်ထားတဲ့အိမ်စီးကားဖြူလေးပေါ် တက်လိုက်ကြတယ်။ ကားကမောင်းထွက်သွားသလို ကိုကိုးတို့ရဲ့ခရီးလေးဟာလည်း စခဲ့ပါပြီ။

မြို့အသစ်၊အိမ်အသစ်ကို သူတကယ်ပဲသဘောကျပါ့မလားဆိုတဲ့ စိတ်ပူပင်မှုတချို့က ကိုကိုးရင်ထဲမှာတနုံနုံကိန်းအောင်းနေတယ်။

ခန့်မှန်းခြေငါးနာရီကျော်ကျော်ကြာပြီးတဲ့အချိန်မှာတော့ သူတို့နေထိုင်ရတော့မယ့်မြို့လေးဆီကို ရောက်ကြတယ်။ လမ်းတစ်လျှောက်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကြောင့် ကိုကိုးကဒီမြို့လေးကိုဘာလို့များ နယ်မြို့လေးလို့လည်းမခေါ်ဆိုနိုင်သလို မြို့ပြကြီးလို့လည်း ခေါ်ဆိုလို့မရမှန်းနားလည်သွားတယ်။

မြို့ပြကြီးလို့ခေါ်ရအောင်လည်း ကားရှင်းလွန်းတဲ့ ကားလမ်းဘေးတစ်လျှောက်ငွားငွားစွင့် ကြီးထွားနေတဲ့အပင်အိုကြီးများနှင့် မြက်ခင်းစိမ်းတွေကြားက ရောရော​​နှောနှောပွင့်နေတဲ့ အပွင့်သေးသေးလေးနာရီပန်းတွေက မြို့ကြီးပြကြီးရဲ့ရှုပ်ထွေးနွမ်းနယ်စရာ​တွေနှင့် ဘယ်လိုမှအပ်စပ်မနေဘူး။ နယ်မြို့လေးလို့ဆိုရအောင်မှာလည်း ရံဖန်ရံခါတွေ့လာရတဲ့နှစ်ဆယ့်လေးနာရီ ဆိုင်လေး​တွေနှင့်ရှင်းရှင်းလင်းလင်းသွယ်တန်းထားတဲ့ ဓာတ်ကြိုးတန်းတွေက လူနေမှုအဆင့်အတန်းမှာဘယ်လိုမှ နောက်ကောက်မကျကျန်ခဲ့ဘူးဆိုတာ တစ်နည်းတစ်ဖုံသက်သေခံနေပြန်တယ်။

Kōhī {Complete }Where stories live. Discover now