Unicode☕️
လင်းဟန်သာရဲ့အိမ်မှာညအိပ်ပြီးတဲ့ရက်ကနေ တစ်ပတ်ကြာပြီးတော့ ကိုကိုးစံရိပ်ငြိမ်ကိုပြန်သွားဖို့ဖြစ်လာတယ်။အပတ်တိုင်း စနေ၊တနင်္ဂနွေဆိုရင်သွားရမယ့်အကြောင်း ကိုကိုးကလင်းဟန်သာကိုအရေးတယူပြောပြဖြစ်ပေမယ့် အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး လင်းဟန်သာကကိုကိုးကိုဘာမှတ်ချက်မှမပေးခဲ့ပါ။ဒါကြောင့် လင်းဟန်သာက အမျိုးတွေနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးမရှိသူလို့ ကိုကိုးကသတ်မှတ်လိုက်တော့တယ်။
သို့သော်ငြားလည်း လင်းဟန်သာက သဘောထားသေးသိမ်တဲ့လူမဟုတ်ကြောင်း ကိုကိုးသေချာသိတာမလို့ သူစံရိပ်ငြိမ်ကိုသွားခြင်း၊မသွားခြင်းက လင်းဟန်သာကိုအဲ့ဒီလောက် စိတ်အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူးဆိုတာလည်းကိုကိုးတွက်ဆမိပါတယ်။သူ့ရဲ့ဒေါက်တာက အဲဒီကိစ္စကိုဂရုမစိုက်ပါ။ လုံးလုံးလျစ်လျူရှုထားပါတယ်။
ဒီစနေနေ့မှာတော့အဖေက ကိုကိုးကိုစံရိပ်ငြိမ်ကိုလိုက်ပို့ပေးတယ်။ကားပေါ်မှာလည်း ကိုကိုးတို့သားအဖက စကားအနည်းအကျဉ်းလောက်သာ ပြောဖြစ်ကြပြီး ကိုယ့်အာရုံနှင့်ကိုယ်ပါ။ ကိုကိုးတို့အဖေကအမေ့လိုမဟုတ်။စကားနည်းလွန်းတယ်။သေချာတွေးကြည့်မှ အဖေကတကယ်ကို နေစိမ့်နိုင်လွန်းသူပဲ။ကိုကိုးတို့ညီအစ်ကိုပေါ်မှာ ကောင်းတယ်၊ဆိုးတယ်ကို သိပ်မပြောတတ်။ဆိုဆုံးမမှုနှင့် ပတ်သက်လို့လည်းအမေ့ကိုသာ လွှဲအပ်ထားပြီး သူ့အာရုံနှင့်သူနေတတ်သူ။
ကိုကိုးတို့အဖေပြောနေကျစကားတော့ရှိတယ်။ 'လူတိုင်းကကိုယ့်ရွေးချယ်မှု ကိုယ့်ဘဝနှင့်ကိုယ်သာဖြစ်တာကြောင့် ဖြစ်လာသမျှကိုလည်း ကိုယ်ကိုယ်တိုင်ခါးစည်းခံလျှောက်လှမ်းရမှာ' တဲ့။ဒီစကားတစ်ခွန်းနှင့်တင် ကိုကိုးတို့ညီအစ်ကို ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းဖို့လုံလောက်နေပြီ။
"ဖေဖေ ဒီရှေ့နားလေးမှာပဲ ရပ်ပေးလို့ရတော့မယ် ကိုကိုး။အိမ်ကြီးရှေ့မှာ လမ်းပြန်ခင်းနေတယ်ထင်တယ်"
ကိုကိုးတို့ရဲ့ကားဖြူလေး ကားစက်ရပ်သွားပြီးတဲ့နောက် အဖေ့စကားကြားမှ ပြတင်းဘောင်ကိုကိုင်လျက် တွေးတောနေမိတဲ့ကိုကိုးရဲ့စိတ်အာရုံက လက်တွေ့ဘဝဆီအသိပြန်ဝင်လာခဲ့တယ်။စံရိပ်ငြိမ်ခြံကြီးရှေ့မှာ လမ်းပြန်ခင်းနေတာကြောင့် ကိုကိုးခေါင်းညိတ်ပြလိုက်တယ်။ဘယ်လောက်မှဝေးတော့တာလည်း မဟုတ်ဘဲခြေလှမ်းနှစ်ဆယ်စာလောက်မလို့အကွာအဝေးမလို့ ကိစ္စမရှိ။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.