Unicode☕️
"ထိုင်ပါဦး...ဘာသောက်မလဲ၊ဘာမှတော့မရှိဘူး။ရေပဲသောက်ကြနော်"
စိုင်းကညီညီ့စကားကြောင့် မျက်နှာထားတင်းသွားတယ်။အိမ်ထဲမဝင်ခင် သူဒီကောင်လေးကို ခွေးကောင်လေးလို့ ကျိန်ဆဲပြီးသွားပေမယ့်လည်း စိတ်ထဲမှာအခဲတော့ကြေလှတာမဟုတ်။
ဒီဒီက အစ်ကိုဖြစ်သူရဲ့ဘေးမှာထိုင်နေရင်း သူမကတော့ရေသောက်ရလည်း အဆင်ပြေပါတယ်ဆိုတဲ့အကြည့်မျိုးနှင့်ညီညီ့ကို မော့ကြည့်နေပါတယ်။ညီညီ့မျက်နှာက ချိုတယ်လည်းမဆို၊တင်းတယ်လည်းမဆိုသာတဲ့ မျက်နှာထားမျိုးနှင့်ခပ်မော်မော်ဖြစ်နေတယ်။ စိုင်းကညီညီ့ကို ကိုကိုးနှင့်ကွာလွန်းတဲ့ စိတ်ပုပ်ပုပ်ကောင်ကလေးလို့ တံဆိပ်တပ်လိုက်ပါတယ်။
"ညီညီ"
ကိုကိုးက ညီညီ့ဘက်လှည့်ပြီး မျက်လုံးပြူးပြရင်း မျက်ခုံးတစ်ချက်ပင့်ကာ မျက်နှာရိပ်မျက်နှာကဲနှင့်လှမ်းဟန့်ပါတယ်။ဧည့်သည်တွေကို အိမ်ထဲခေါ်ပြီးတော့မှသူ့ရဲ့အလိမ္မာတုံးညီလေးက အားနာစရာတွေဖြစ်အောင်လုပ်နေပြီ။လူတိုင်းကိုမဖော်ရွေရင်တောင်မှ လိုက်လျောညီထွေဖြစ်အောင် နေတတ်တဲ့ညီညီကစိုင်းနှင့်ဆိုရင် ဘာကြောင့်များ ဘုနဲ့ဘောက်ဖြစ်ရသလဲ ကိုကိုးလည်းမစဉ်းစားတတ်တော့ပါ။
"ဘာလို့အလုပ်ထွက်သွားတာလဲ"
စိုင်းကမျက်နှာထားတည်တည်နှင့် ကိုကိုးကိုတရားခံစစ်စစ်သလို မေးတယ်။သူ့ဆီမှာမကျေနပ်မှုတွေလည်း ကိန်းအောင်းနေပုံရတယ်။
"ကျွန်တော် ကျောင်းပြန်တက်ရတော့မှာမလို့....."
ကိုကိုးကနားထင်ကိုအသာကုတ်ခြစ်ပြီး ဝိနည်းလွတ်ဖြေလိုက်တယ်။သူကစိုင်းရဲ့အမူအကျင့်ကို အရမ်းကြီးမဟုတ်တောင် အနည်းအကျဉ်းလောက်တော့ တီးမိခေါက်မိပါတယ်။အကယ်၍များ သူသာအမှန်အတိုင်းပြောလိုက်ရင် စိုင်းနှင့်စိုင်းရဲ့အမေကြားမှာ ကတောက်ကဆအများကြီးဖြစ်ပေါ်လာနိုင်သလို ကိစ္စတွေကပိုမိုကျယ်ပြန့်သွားနိုင်တယ်။ကိုကိုးကတော့ စိတ်ရှုပ်စရာတွေကို ထပ်ပြီးအစဆွဲမထုတ်ချင်ပါ။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.