||20||

19.5K 1.7K 161
                                        

Unicode☕️

ကိုကိုးဘဝမှာ ပြတ်ပြတ်သားသားမငြင်းဆိုခဲ့မိတဲ့အပေါ် တစ်ခါမှ ဒီတစ်ကြိမ်လောက်အထိ ပြင်းပြင်းထန်ထန်နောင်တမရခဲ့ဖူးပါ။တိုက်ဆိုင်မှုတွေက ကိုကိုးပတ်ဝန်းကျင်မှာပဲ လှည့်လည်နေထိုင်နေသလိုမျိုး ဆက်ပြီးအကြောင်းမထူးလာနိုင်လောက်ပါဘူးလို့ ယူဆထားရတဲ့ ကိစ္စရပ်တွေက ဖြစ်ပျက်ချင်တော့လည်း ဆူနာမီရေလှိုင်းလို အလုံးနှင့်အရင်းနှင့်ကိုဝင်ရောက်လာတော့တယ်။အဖြစ်အပျက်ကနာရေးကပြန်လာပြီးနောက်ရက်နေ့လည်ခင်းမှာ ဖြစ်ခဲ့ပြီးအကြောင်းအရင်းတရားခံကတော့ စိုင်းရဲ့ရည်းစားဟောင်းAndrewပဲဖြစ်တယ်။

အဲဒီနေ့ နေ့လည်ခင်းမှာ လင်းဟန်သာရဲ့အိမ်ကိုဧည့်သည်တွေ ရောက်နေခဲ့မှန်းကိုကိုးမသိခဲ့ပါ။ပုံမှန်ရက်များလို လင်းဟန်သာအိမ်ကို တံခါးမရှိဓားမရှိဝင်ထွက်သွားလာတတ်တဲ့ကိုကိုးတစ်ယောက် အိမ်ထဲရောက်သွားချိန်မှ ဧည့်ခန်းထဲကလူအုပ်စုက မြင်ပြီးအံသြရတယ်။တစ်ချိန်တည်းမှာပဲ လင်းဟန်သာအလုပ်တွေရှုပ်နေခဲ့မလား တွေးမိလိုက်လို့ စောစောစီးစီးအလုပ်မရှိအလုပ်ရှာအိမ်ကူးလာရတဲ့ အပေါ် ကိုကိုးအားနာမိပေမယ့် လင်းဟန်သာကတော့တစ်ဖက်ကဧည့်သည်တွေနှင့်စကားစဖြတ်ပြီးသူ့ကို ထမင်းစားခန်းထဲမှာ နေ့လည်စာလုပ်ထားကြောင်း ပြောလာခဲ့ပါတယ်။

လင်းဟန်သာရဲ့ကိုကိုးအပေါ် ဆက်ဆံပုံက အမြဲတစေ နွေးနွေးထွေးထွေးရှိပါတယ်။မနက်၊နေ့လည်၊ညနေ သုံးချိန်လုံး ကိုကိုးဘယ်အချိန်မှာရောက်လာလာ နောက်ဖေးထမင်းစားပွဲပေါ်မှာတော့ ကိုကိုးတစ်ယောက်စာအတွက်ညထမင်းတစ်နပ်စာအမြဲချန်ထားတတ်တယ်။

အဓိကအကြောင်းအရင်းကို ပြန်ဆက်ရရင်တော့ လင်းဟန်သာရဲ့စကားကြောင့် အိမ်ရှေ့ဧည့်ခန်းမှာလည်းဘယ်လိုပဲဖြစ်ဖြစ် လုပ်စရာရှိမနေတဲ့ကိုကိုးက နောက်ဖေးမီးဖိုချောင်ကိုသာ တစိုက်မတ်မတ်တန်းဝင်လာခဲ့တယ်။ဧည့်ခန်းထဲကလူအုပ်ဆိုတာ အမျိုးသမီးကြီးနှစ်ယောက်နှင့်အမျိုးသားငယ်တစ်ယောက်သာပါပြီး ကိုကိုးအမှုမဲ့အမှတ်မဲ့ကြည့်လိုက်မိတုန်းက ဒီအမျိုးသားငယ်ကို တစ်နေရာရာမှာမြင်တွေ့ဖူးနေခဲ့သလို ခံစားလိုက်ရတယ်။ အမှုမဲ့အမှတ်မဲ့မြင်လိုက်တဲ့သူကို ကိုကိုးအမှုမဲ့အမှတ်မဲ့နှင့်သာ ခေါင်းထဲကထုတ်ပစ်လိုက်ရင်း စားပွဲပေါ်မှာရှိတဲ့လင်းဟန်သာရဲ့ မေတ္တာသက်ဝင်ဖွယ်ရာ နေ့လည်စာကိုသာအာရုံစိုက်ပစ်လိုက်တော့တယ်။

Kōhī {Complete }Tempat di mana cerita hidup. Terokai sekarang