|| 11 ||

18.2K 1.8K 377
                                        

Unicode☕️

စန္ဒာလမင်းက တိမ်ကင်းစင်နေပြီး ဝင်းဝင်းပပ ညအခါကိုပံ့ပိုးပေးနေခဲ့သလို ဖားအော်သံတွေကမြေသင်းနံ့နှင့်အပြိုင် မိုးရာသီကိုဦးညွတ်နေကြတယ်။ညီညီက ဘေးကစာကြည့်စားပွဲမှာထိုင်ရင်းစာလုပ်နေသလို ကိုကိုးက ကုတင်ပေါ်မှာဝမ်းလျားမှောက်လျက် အနေအထားနှင့် သူ့ရဲ့A4ပုံဆွဲစာအုပ်ထဲတစ်စုံတစ်ခုကိုရေးမှတ်နေတယ်။အပေါ်ကိုမြှောက်ထောင်ထားတဲ့ ခြေတံဖွေးဖွေးနှစ်ခုက ပုခက်လွှဲသလိုဟိုဒီယိမ်းခါနေပြီး တံတောင်ဆစ်နုနုကတော့အချိန်တော်တော်ကြာ ဖိထောက်ခံထားရလို့ အနီရာထင်နေခဲ့ပြီ။ဒါပေမယ့်ကိုကိုးကတော့ ဂရုမစိုက်အားဘဲ ဒီနေ့ရဲ့အတွေ့အကြုံတွေကို သေချာမှတ်တမ်းရေးနေတယ်။

ဒေါက်တာ့အိမ်ကမပြန်ခင်မှာ ကိုကိုးကနောက်ရက်တွေရောထပ်လာလို့ရလားလို့ မေးခဲ့သေးတယ်။ဒေါက်တာက ဘာပြောတယ်မှတ်သလဲ။'အင်း' တဲ့။ 'မင်းသာမပျင်းဘူးဆိုရင်ပေါ့' တဲ့လေ။ကိုကိုးရင်ထဲမှာ ထပ်တစ်ရာပန်းတွေပွင့်သွားခဲ့ရတဲ့အခိုက်အတန့်ပေါ့။ ဒါကြောင့်သူသေချာပေါက်ကို အဲဒီတိုတောင်းလွန်းတဲ့အဖိုးတန်ကာလလေးတွေကိုဒိုင်ယာရီထဲချရေးရမယ်။ဒီနေ့က အမှတ်တရတွေပြည့်နေတာပဲ။

"ဘာတွေရေးနေတာလဲ"

'ဘုတ်'

ညီညီ့အသံကိုကြားတော့ ကိုကိုးကစာအုပ်ကိုချက်ချင်းပိတ်ချလိုက်တယ်။ဒီအခါ ညီညီကတွန့်တိုစရာမရှိတွန့်တိုတယ်လို့ပြောပြီး ကိုကိုးကိုနှာခေါင်းရှုံ့ပြတော့ ကိုကိုးကမျက်လုံးပြန်ပြူးပြပြီး လျှာကိုတစ်လစ်တစ်လစ်ပြန်ထုတ်ပြလိုက်တယ်။ ညီညီကထပ်ပြီးမစပ်စုတော့ဘူး။

"ငါဒီဆံပင်တွေကိုဖြောင့်ပစ်ရမလား ညီညီ"

ကိုကိုးက သူ့ခေါင်းသူကိုင်ကြည့်ရင်း ညီဖြစ်သူကိုမေးလိုက်တယ်။ကိုကိုးရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုစိတ်မလုံခြုံမှုတွေ များတယ်။သူကမျက်နှာပေါ်ကမှဲ့ခြောက်တွေကိုလည်း ဖုံးထားချင်မိသလို ဆံပင်ကောက်ကောက်တွေကိုလည်းတစ်ခါမှသဘောမကျဖူးပါ။ပိန်ပိန်သေးသေးခန္ဓာကိုယ်ကိုလည်း ကျောင်းမှာအနိုင်ကျင့်ခံရဖူးတော့ စိတ်ကုန်လှပြီ။ဒါပေမယ့် တစ်ခါမှတော့အဲ့ဒီအရာတွေကို ပြောင်းလဲပစ်ချင်တယ်လို့ မတွေးခဲ့ဖူးဘူး။အခုတော့ပထမဆုံးအကြိမ်  တစ်စုံတစ်ယောက်အတွက်သူ့ရဲ့ မပြည့်စုံဘူးလို့ထင်ရတဲ့ရုပ်ပိုင်းဆိုင်ရာတွေကို ပြောင်းလဲမိချင်လာတယ်။

Kōhī {Complete }Where stories live. Discover now