|| 3 ||

21.8K 2.2K 142
                                        

Unicode☕️

ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့က ကိုကိုးအတွက်အတော်လေး စိတ်ရှုပ်စရာကောင်းခဲ့ပေမယ့် ကိစ္စတစ်ခုကိုမိနစ်ခြောက်ဆယ်အထိ သယ်ပိုးမထားတတ်တဲ့ကိုကိုးရဲ့ မူလဗီဇအရ သူကအမေနှင့်အတူ ဘေးအိမ်ကလူကြီးအတင်းကိုပေါက်ပေါက်ဖောက်သလို ပြောလိုက်ပြီးနောက်မှာ စိတ်ထဲကအစိုင်အခဲတွေအတော်လေးကြေသွားခဲ့ပါတယ်။

အတင်းဆိုတာဟာလည်း ကိုကိုးကပြော၊အ​မေကလိုက်ကာနှင့် နောက်ဆုံးကိုကိုးကသာလက်မြှောက်အရှုံးပေးခဲ့ရတဲ့ စကားဝိုင်းပါ။အဲ့ဒီလိုဆိုရင်တောင် ကိုကိုးကတော့ ဘေးအိမ်ကလူကြီးအတင်းကို ပြောလိုက်ရလို့ နေသာထိုင်သာရှိသွားတယ်။။

အဖေကအတော်လေးအလုပ်ရှုပ်နေခဲ့သလို အမေကလည်းကိုကိုးတို့ညီအစ်ကိုရဲ့ကျောင်းပြောင်းကိစ္စတွေနှင့် မအားမလပ်ဖြစ်နေပါတယ်။မိဘတွေက မပြီးဆုံးနိုင်တဲ့ဝေယျာဝစ္စများနှင့် ရှုပ်ထွေးနေခဲ့ကြသလောက် ကိုကိုးတို့ညီအစ်ကိုကတော့ ကျောင်းမတက်ရသေးခင်စပ်ကြားမှာ အလွန်အမင်းအားလပ်နေ​ကြဆဲပါ။

အရင်မြို့မှာဗိသုကာမေဂျာကိုပထမနှစ်ပြီးခဲ့တဲ့ကိုကိုးက ဒီမြို့ရဲ့စက်မှုတက္ကသိုလ်မှာပဲ ဒုတိယနှစ်စတက်မှာဖြစ်သလို ညီညီကတော့ အထက်တန်းဆက်တက်လိမ့်မယ်။အခုကနွေရာသီဖြစ်လို့ကျောင်းပိတ်ရက်တွေခံနေသလို ကိုကိုးရဲ့မေဂျာလျှောက်လွှာတင်၊ဖောင်ဖြည့်စတဲ့ ဝီစိကိစ္စများနှင့် ကိုကိုးရောညီညီပါအချိန်အပိုင်းအခြားတစ်ခုအထိ လတ်လျားလတ်လျားဖြစ်နေကြရဦးမှာပဲ။

ကိုကိုးကတော့ အခုလိုအားလပ်ရက်တွေကို အကြိုက်ဆုံးဖြစ်နေတယ်။ ဒီအားလပ်ရက်​တွေမှာAnimeရုပ်ရှင်တွေကို စိတ်ကြိုက်ကြည့်လို့ရနေသလို သူ့ရဲ့အိပ်ချိန်တွေကိုလည်းလုံးဝထိန်းချုပ်နေစရာမလိုသေးဘူးလေ။

တကယ့်အနှောက်အယှက်ဟာဘာလဲဆိုတာ ကိုကိုးဒီမနက်ခင်းမှာမှ သိလိုက်ရတယ်။ဘေးအိမ်ကလူကြီးကို ကိုကိုးအမြင်ကတ်လိုက်တာ။

ပြတင်းပေါက်ဆီကဖြာကျလာတဲ့ နေရောင်နွေးနွေး၊မီးဖိုချောင်ထဲက ကော်ဖီနံ့သင်းသင်း၊ခန္ဓာကိုယ်ပေါ်က အိပ်ထားလို့တွန့်ကြေနေတဲ့ ချည်သားဝမ်းဆက်ရဲ့ထိတွေ့မှုခပ်အေးအေးတို့နှင့်အတူ မနက်ခင်းကိုးနာရီမှာ ကိုကိုးနိုးလာတယ်။ညီညီကတော့ ကိုကိုးထက်အမြဲလိုလိုစောနိုးတတ်သူမလို့ အခုချိန်ဆိုသူတို့ရဲ့ မခမ်းနားပေမယ့်လည်းသပ်သပ်ရပ်ရပ်ရှိတဲ့သစ်သားမနက်စာစားပွဲမှာ ထိုင်နေပါလိမ့်မယ်။

Kōhī {Complete }Where stories live. Discover now