|| 8 ||

19.2K 1.7K 104
                                        

Unicode☕️

ဒီနှစ်က မိုးဦးကျတာနောက်ကျတယ်။တံစက်မြိတ်နှင့်ရေတလျောက်ဆီကနေ တစ်စက်ပြီးတစ်စက်ကျလာတဲ့မိုးရေစက်တွေ။ခပ်သာသာလှစ်ဟထားတဲ့ ပြတင်းပေါက်ကနေတိုးဝင်လာတဲ့ မြေသင်းနံ့နှင့်ချမ်းစိမ့်စိမ့်ခံစားချက်တစ်ချို့။မိုးသံတဝေါဝေါက သာယာနာပျော်ချင်စရာ။ကိုကိုးအတွက်ပေါ့။နွေရာသီမှာမွေးတဲ့ကိုကိုးက မိုးရာသီကိုသိပ်သဘောကျတယ်။အရင်နှစ်ကျောင်းတက်ချိန်ကဆို မိုးရေချိုးချင်လွန်းလို့ တမင်ထီးထားခဲ့တာကိုအမေသိတော့ ဆူတာခံခဲ့ရပါသေးတယ်။

"မိုးပက်တယ်လေ ကိုကိုးရဲ့....ဘယ့်နှယ် ပြတင်းပေါက်တံခါးကြီးဖွင့်လို့ဟယ်။ပိတ်ပြီး နွေးနွေးထွေးထွေးထိုင်နေပါဦး"

ပြတင်းပေါက်ဘောင်နားမှာ တင်ပါးတင်ရုံလေးကပ်ထိုင်နေတဲ့ ကိုကိုးကိုအမေကလှမ်းအော်တော့ ကိုကိုးမျက်နှာက အလိုမကျသလိုစူပုပ်သွားပြီး သက်ပြင်းကိုခပ်သွက်သွက်ချလိုက်တယ်။ကိုကိုးဝတ်ထားတဲ့ ဒူးအတိဘောင်းဘီအတိုလေးက သူ့ရဲ့ပိန်သွယ်လွန်းတဲ့ခြေတံဖြူဖြူတွေနှင့်မဆိုစလောက်လေး လိုက်ဖက်နေသလို အနာဂတ်မှာတော့ ဒေါက်တာလူကြီးလိုမျိုး ရှည်လျားတဲ့ခြေတံရှည်တွေပိုင်ဖို့ လေ့ကျင်ခန်းများများလုပ်ရမှပဲလို့ ကိုကိုးကတွေးမိပြန်တယ်။

လွန်ခဲ့တဲ့သုံးရက် သာကူသွားပို့ခဲ့တဲ့နေ့ကစလို့ ကိုကိုးကလင်းဟန်သာနှင့် ဒီနေ့အချိန်အထိမတွေ့ဖြစ်ခဲ့ပါ။ကိုကိုးဘက်က အိမ်တွင်းအောင်းနေခဲ့တာပါ။ လင်းဟန်သာကလည်း သူ့အချိန်ဇယားအတိုင်းပုံမှန်လည်ပတ်တတ်တဲ့စာအုပ်ကြီးလိုလူဆိုတော့ ကိုကိုးလိုငါးရှဥ့်ပြာလူးလေးသာ အိမ်ထဲမှာအောင်းနေလိုက်လို့ကတော့ သူတို့နှစ်ယောက်မှာ တွေ့စရာဆုံစရာ အကြောင်းအရင်းမရှိတော့ဘူး။

ကိုကိုးရဲ့အတွေးတွေကတော့ ရက်ကန်းပေါ်က လွန်းကလေးလို အပြေးအလွှား ယောက်ယက်ခတ်နေပါတယ်။ကိုကိုးရဲ့ခံစားချက်တွေက ဒီရက်အတွင်း ကြောင်တစ်ကောင်ဆော့ကစားထားတဲ့ ချည်ထွေးတစ်ခုလို ရှုပ်ထွေးနေခဲ့တယ်။ကိုကိုးအတွက် အဲ့ဒီခံစားချက်က တစ်စုံတစ်ခုကို ရင်တွင်းမှာခံစားနေရပြီး အဲ့ဒီ့တစ်စုံတစ်ခုကို လက်ခံလိုက်ဖို့အတွက်ခဲရာခဲဆစ်ဖြစ်နေတဲ့ ခံစားချက်မျိုးပဲ။

Kōhī {Complete }Where stories live. Discover now