|| 5 ||

18.3K 1.8K 60
                                    

Unicode☕️

ကိုကိုးနှင့်လင်းဟန်သာက ဘေးချင်းယှဉ်အနေအထားနှင့် လမ်းကိုခပ်ဖြေးဖြေးချင်း လျှောက်လာကြတယ်။ ဘယ်ကို၊ဘာလို့လျှောက်နေကြမှန်း သူတို့မတွေးကြဘူး။မျက်စိတဆုံးကော်ဖီပင်တွေကြားမှာ အရာအားလုံးကိုပစ်ခွါစွန့်ထွက်လာကြသူတွေလို ခြေဦးတည့်ရာလျှောက်နေကြတဲ့ပုံပါ။

ကိုကိုးအတွက်ကတော့ ဒေါက်တာလူကြီးသွားရာနောက်ကို မသိမသာနှင့်ကပ်လိုက်လျှောက်လာရုံသာ။ သူ့မှာတခြားလုပ်စရာရှိမနေဘူးလေ။

မြေကြီးပေါ်ကကွာဟနေတဲ့အရိပ်နှစ်ခုက ကိုကိုးကိုမျက်မှောင်ကျုံ့စေတယ်။ အလိုမကျစွာ ကိုကိုးခြေဖျားထောက်လိုက်တယ်။ ဒါလည်းအရိပ်ထဲကပိုရှည်လျားမြင့်မားနေတဲ့ အရပ်ကိုမမှီနိုင်သေး။

လမ်းလျှောက်နေရင်း ကိုကိုးကအငြိမ်မနေဘဲ ယောက်ယက်ခတ်စွာ ခြေဖျားတွေကိုထောက်ကြည့်လိုက်၊လှမ်းခုန်ကြည့်လိုက်နှင့် ဘေးကအရိပ်ကိုမရပ်မနား လိုက်ပြိုင်တယ်။ ခြေဖျားထောက်တဲ့အခါမျိုးမှာ ကိုကိုးအရိပ်က ဘေးကအရိပ်ရဲ့ပုခုံးစွန်းအကျော်ကိုရောက်ပြီး ခုန်လိုက်ရင်တော့ ဘေးကအရိပ်နှင့်တန်းတူလောက် သွားကျတယ်။

"အယ့်....ပလုတ်တုတ်"

လမ်းလျှောက်နေရင်း အငြိမ်မနေတဲ့အကျိုးဟာ ကိုကိုးရဲ့ခြေချင်းဝတ်တွေကိုယိုင်နဲ့သွားစေပြီး ခြေချော်ပြုတ်ကျမတတ်ဖြစ်သွားစေပါတယ်။ ဒါပေမယ့် ကိုကိုးချော်လဲမကျခဲ့ပါ။အကြောင်းအရင်းကတော့ ကိုကိုးရဲ့လက်နှစ်ဖက်ဟာ သတိအနေအထားနှင့် တစ်ဖက်လူရဲ့လက်မောင်းကို မိမိရရဖမ်းဆွဲကိုင်လိုက်နိုင်လို့ပဲ။

"ဟီး...."

လက်မောင်းကိုဖမ်းကိုင်မိတဲ့ လက်နှစ်ဖက်ကို လွှတ်ပေးပြီးတာနှင့် ကိုကိုးကမျက်နှာချိုသွေးရယ်ပြလိုက်တယ်။မတော်တဆပဲလေ။မတော်တဆ။သဘောထားကြီးသလိုနှင့် ဒေါက်တာလူကြီးကကိုကိုးကို ဘာမှမပြောခဲ့ဘူး။ အဲဒီအစား တုံးတိဆန်တဲ့တုံဏှိဘာဝေအကြည့်တစ်ချက်ကိုသာ ပေးကမ်းလာပါတယ်။

"ဒေါက်တာကဒီကိုဘာလာလုပ်တာလဲ"

ကိုကိုးကနှစ်ယောက်ကြား တိတ်ဆိတ်လာတဲ့လေထုကို တစ်ဖန်ဖြိုဖျက်လိုက်ပြီး မေးလိုကတယ်။

Kōhī {Complete }Where stories live. Discover now