||30||

15.7K 1.5K 68
                                    

Unicode☕️

ကိုကိုးနှင့်အမေက ရက်သတ္တပတ်နီးနီးကြာတဲ့အထိ စကားကိုဟုတ်တိပတ်တိမပြောဖြစ်ခဲ့ကြဘူး။အဲဒီနေ့ကဖြစ်ခဲ့တဲ့ ကိစ္စတွေကလည်းသားအမိနှစ်ယောက်တည်းဆိုပေမယ့် သွေးထွက်သံယို၊အကျယ်အကျယ်နှင့်အော်ကြီးဟစ်ကျယ် ငိုဟယ်ယိုဟယ်ဖြစ်ခဲ့ကြတာ မဟုတ်လား။ဒါကြောင့် သားအမိနှစ်ယောက်ခပ်တန်းတန်းဖြစ်သွားတာလည်း ဆိုဖွယ်ရာမရှိ။ ကိုကိုးကလည်း နေစိမ့်သလိုသာနေလာခဲ့တယ်။

ကိုကိုးကျောင်းသွားပြီးတော့ ကိုကိုးတို့အဖေကတောင်မနက်စာစားပွဲမှာ နုနုယဥ်ကိုကိုတိုးတိုးကြိတ်ကြိတ်မေးခဲ့သေးတယ်။နေပုံထိုင်ပုံလေးတစ်မျိုးပြောင်းသွားတဲ့ ကိုကိုးဘာတွေများဖြစ်သလဲဆိုတဲ့အမေးမျိုးပဲ။ထုံးစံအတိုင်းကိုကိုးတို့အမေကလည်း ကိုကိုးကအသက်ကြီးလာတော့အခုမှလူပျိုလေးလိုတသီးတသန့် နေတတ်လာတာပေါ့လို့သာ မျက်နှာခပ်လွှဲလွှဲနှင့် ဖာသိဖာသာဖြေတယ်။

ကိုကိုးကတော့ အဟုတ်ကိုတိတ်ဆိတ်သွားခဲ့တာပါ။ပြုံးပြုံးရွှင်ရွှင်ရှိပေမယ့်လည်း အရင်ကလောက်လက်လက်မထတော့သလိုမျိုး ခပ်ငြိမ်ငြိမ်ဖြစ်သွားတယ်။တစ်ဖက်အိမ်ကိုလည်းမကူးတော့သလို လင်းဟန်သာဆေးရုံမသွားခင်မှာကျောင်းကို စောသွားတယ်။လင်းဟန်သာဆေးရုံပြန်ချိန်နှင့်မတိုက်အောင်လည်း သီသီလေးသွား၊သီသီလေးပြန်နှင့်သူတို့နှစ်ယောက်မှာ တေ့လွဲလွဲသလိုတစ်ယောက်ကအဝင်၊တစ်ယောက်က အထွက်ပုံစံမျိုးနှင့်မျက်နှာချင်းမဆိုင်ဖြစ်ကြတော့။သံသယများတတ်တဲ့ နုနုယဉ်ကလည်း တစ်ပတ်လောက်အကြာမှာ ကိုကိုးနှင့်လင်းဟန်သာရဲ့ဇာတ်လမ်းက ပြီးပြတ်သွားပြီလို့တထစ်ချယုံသွားခဲ့တယ်။သူမကလင်းဟန်သာရဲ့ လူကြီးလူကောင်းဆန်တဲ့ ကိုကိုးနှင့် ခပ်ဝေးဝေးမှာနေပါမယ်ဆိုတဲ့စကားကိုလည်း ယုံစားလို့ ကိုကိုးကိုဖုန်းသိမ်းတာအထိတော့ မလုပ်ခဲ့ပါ။

ကိုကိုးကလည်း လှိုင်းတံပိုးမရှိတဲ့ပင်လယ်ရဲ့ငြိမ်သက်ခြင်းမျိုးနှင့် ငြိမ်သက်နေတယ်။ကျောင်းသွားတယ်။ကျောင်းပြန်တယ်။အဲဒီအချိန်တွေကလွဲလို့ အိမ်ပြင်မထွက်တော့သလို ထမင်းစားချိန်နှင့်ရေချိုးချိန်တွေကလွဲလို့လည်း အခန်းထဲကအခန်းပြင်ကိုသိပ်မထွက်တော့။နုနုယဉ်ကတော့ အစပိုင်းမှာ သင်္ကာမကင်းကိုကိုးရဲ့အခန်းထဲကို ချောင်းချောင်းကြည့်ပါသေးတယ်။ အဲဒီလိုအခါမျိုးမှာ ကိုကိုးကနားကြပ်တပ်ရင်းအိပ်ယာပေါ် ကန့်လန့်ဖြတ်လှဲနေတာဖြစ်ဖြစ် စာကြည့်စားပွဲမှာစာထိုင်လုပ်နေတာဖြစ်ဖြစ် အဲဒီလိုတွေပဲကြုံရ၊တွေ့ရတတ်တယ်။ တစ်ခါတစ်လေတော့ ညီညီနှင့်ရယ်ရယ်မောမော စကားပြောနေသံတစ်ချို့ကိုလည်း ကြားရသေးတယ်။ တခြားသံသယဖြစ်စရာကိုမတွေ့ရ။

Kōhī {Complete }Tempat cerita menjadi hidup. Temukan sekarang