|| 12 ||

17.9K 1.8K 195
                                        

Unicode☕️

"ဒါဆို ဒေါက်တာကရောချစ်လား"

မေးပြီးတော့မှကိုကိုးကအောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်တယ်။အခန်းတွင်းလေထုအခြေအနေက ကို့ရို့ကားယားတော့မဖြစ်သွားပါ။ဆိုလိုတာက ကိုကိုးကကောင်လေးတစ်ယောက်ဖြစ်ပြီးတော့ လင်းဟန်သာအတွက်ဆိုကလေးသာသာအရွယ်လေးဖြစ်နေတော့ မသင့်တော်တဲ့အခြေအနေကိုကူးပြောင်းမသွားခဲ့ဘူး။ ကိုကိုးအတွက်အနည်းငယ်တော့ ရှို့တို့ရှန့်တန့်ခံစားရစေတယ်။သူ့နားရွက်ဖျားလေးတွေကတောင် အပူချိန်လွန်လွန်ကဲကဲနှင့် ရဲတက်လာသလိုပဲ။သူ့အတွက်တော့ တစ်​ယောက်ယောက်ကိုဒီလိုမေးခွန်းမျိုးမေးဖူးတာ ဒါပထမဆုံးအကြိမ်ပါ။

"လိမ္မာတဲ့ကလေးတွေကို လူတိုင်းချစ်တယ်"

လင်းဟန်သာရဲ့ ဝိနည်းလွတ်ဖြေတတ်လိုက်ပုံကတော့ ပညာရှိပီသပါပေတယ်။

"ဒါဆို ကျွန်တော်ကရောလိမ္မာလား"

"မသိဘူး စောင့်ကြည့်ရမှာပေါ့"

ကိုကိုးအတွက်စိတ်ကျေနပ်စရာအဖြေမဟုတ်ပေမယ့်လည်း အခွင့်အရေးရှိသေးတဲ့အဖြေပဲ။ငါးဆယ်ရာခိုင်နှုန်းက သုညရာခိုင်နှုန်းထက်တော့ ဖြစ်နိုင်ချေပိုများတယ်။အနာဂတ်မှာ ဒေါက်တာ့ရှေ့ကိုပိုပိုလိမ္မာတဲ့ပုံစံလေးပြပေးရတော့မယ်။လိမ္မာရင်ဒေါက်တာကရောချစ်မှာလားလို့တော့ ထပ်မမေးလိုက်တော့ပါ။သူ့ဆီမှာအချိန်တွေအများကြီးကျန်ပါသေးတယ်။

လင်းဟန်သာရော ကိုကိုးပါတက်ညီလက်ညီလုပ်ကိုင်ခဲ့လို့ စာကြည့်ခန်းထဲကအလုပ်တွေက မြန်မြန်ဆန်ဆန်ပဲပြီးသွားခဲ့ပါတယ်။အချိန်ကလည်း ညနေခြောက်နာရီကျော်ကျော်ကို ညွှန်ပြနေခဲ့ပြီ။

"ညနေစာ ဒီမှာပဲစားသွားမလား"

ပြန်ခါနီးတံခါးဝနားအထိရောက်နေခဲ့တဲ့ ကိုကိုးခြေလှမ်းတွေက တုံ့ဆိုင်းသွားတယ်။မျက်နှာပေါ်အပြုံးခပ်ကြီးကြီးကပိုပိုပီပြင်လာပြီး လင်းဟန်သာကို ပလုတ်တုတ်လေးလို ခေါင်းကိုတရစပ်ညိတ်ခါလိုက်ပြလိုက်တယ်။

ဒေါက်တာ့ရဲ့အိမ်မှာ နောက်ဖေးမီးဖိုချောင်ကအစ အမြဲပြောင်လက်သန့်ရှင်းနေတယ်။ကျွန်းစားပွဲနှင့်ကျွန်းထိုင်ခုံတွေ၊သစ်သားကနုတ်ဖော်ပန်းကန်စင်တွေပေါ်က တန်ဖိုးကြီးကြွေထည်အသုံးအဆောင်ပစ္စည်းတွေက ထည်ထည်ဝါဝါ။လက်သုတ်ပုဝါလေးတွေဆိုတာလည်း မထိရက်ချင်စရာဇာပန်းထိုးပိုးထည်လေးတွေပါ။အရာဝတ္ထုပစ္စည်းတွေအားလုံးက တော်ဝင်ဆန်ဆန် ခမ်းနားနေကြတယ်။လက်နှီးစုတ်ကလေးကတောင် အိမ်သယ်သွားချင်စရာကောင်းနေတယ်။ဒါပေမယ့် ကိုကိုးအဲ့ဒီလိုမလုပ်ပါ။ဒါခိုးတာမဟုတ်လား။

Kōhī {Complete }Where stories live. Discover now