Unicode🦊
မုန်တိုင်းမလာခင်နှင့်လာပြီးချိန်မှာ သူမဟုတ်တဲ့အတိုင်း ပြန်တည်ငြိမ်သွားတတ်တဲ့ ပင်လယ်နှင့်အလားသဏ္ဍာန်တူတဲ့ လူကိုပြပါဆိုရင် ညီညီကတော့သူ့ဘေးနားကလူကို တန်းသတိရမိမှာပါပဲ။အခုချိန်မှာ အဲ့ဒီလူက ပင်လယ်နှင့်တူပါတယ်။ဆူညံတတ်ပေမယ့် တိတ်ဆိတ်သွားတဲ့အခါ ညီညီ့အဖို့နေသားမကျတော့ပါ။အဲ့ဒီလူကအမြဲ သွေးဆူတတ်တဲ့စရိုက်မျိုးနှင့်မှလိုက်တာမဟုတ်လား။နွမ်းနယ်နေပုံပေါက်တဲ့ အဲ့ဒီလူရဲ့မျက်နှာအိုအိုကို ကြည့်ရတာ သူ့အတွက်လုံးဝအဆင်မပြေဘူး။အဲ့ဒီခံစားချက်ကို သူမရှင်းပြတတ်ပေမယ့် သေချာတာကတော့ သူလည်းလုံးဝမပျော်နေဘူး။
ပြီးတော့ တစ်စုံတစ်ယောက်နဲ့အတူ ကားအရှေ့စက်ဖုံးပေါ်မှာ ထိုင်ရင်းအဲ့ဒီလူရဲ့တစ်သက်လုံးဖုံးကွယ်ထားခဲ့တဲ့ ခံစားချက်တွေကိုနားထောင်ပေးဖို့ ရွေးချယ်ခံရလိမ့်မယ်လို့လည်း ညီညီတစ်ခါမှမတွေးကြည့်ဖူးပါဘူး။ဒါပေမယ့် ဒီနေ့မှာတော့ တကယ်ကိုတစ်စုံတစ်ယောက်ရဲ့ခံစားချက်တွေကို မျှဝေပေးဖို့အတွက် သူရွေးချယ်ခံခဲ့ရတယ်။အဲ့ဒီလူကလည်း သူတစ်ဘဝလုံးမှာ မေတ္တာအတုံးဆုံးလူပါလို့သတ်မှတ်ထားခဲ့တဲ့လူ ဖြစ်နေတယ်။အဲ့ဒီလူရဲ့နာကျင်စရာတွေကို သူကိုယ်တိုင်ကလည်း ဝေမျှခံစားပေးဖို့အတွက် ဆန္ဒရှိနေတာကိုက သူ့ကိုယ်သူနားမလည်နိုင်တော့တဲ့အခြေအနေပါပဲ။ဘဝကအံ့သြစရာတွေနှင့်ပြည့်နေတာမဟုတ်လား။
"ဘယ်လိုသင်သင် ဖဘုရားလို့မခေါ်ဘဲ ဒယ်ဒီလို့စခေါ်တတ်တာကနေ အဲ့ဒီ့အမျိုးသားက အစ်ကို့ကိုစပြီးစိတ်ပျက်ခဲ့တာနေမယ်။မာမီကသွေးဆူလွယ်သလောက် သူကသိပ်သွေးအေးတတ်တာ။"
ကောင်းကင်ကိုမေးတင်ပြီးကြည့်နေတဲ့ အဲ့ဒီလူကို ညီညီကပဲပြန်လည်ငေးမောနေမိပါတယ်။ရပ်တန့်ငေးမောမိတဲ့ အခိုက်အတန့်ဆိုတာ ဒီလိုအချိန်မျိုးကိုပြောတာထင်ပါရဲ့။အဲ့ဒီလူရဲ့မျက်လုံးထဲကအုံ့မှိုင်းနေတဲ့နာကျင်မှုတွေက အဲ့ဒီမော်ကြွားတတ်တဲ့လူနှင့်နည်းနည်းလေးမှ မအပ်စပ်ဘူး။
"အစ်ကိုတော့ သူတို့ဘယ်လိုဆုံခဲ့လဲသိချင်တယ်"
စိုင်းကဒီလိုပြောပြီး သူ့ခန္ဓာကိုယ်ကို လှဲချလိုက်တယ်။တိမ်ကင်းနေတဲ့ကောင်းကင်ကမိုးတွင်းမှာဆို မိုးရွာမှာစိတ်ပူစရာမလိုတဲ့ အခြေအနေမဟုတ်လား။မုတ်သုံလေကတော့ တဖြူးဖြူးတိုက်နေဆဲ။ကြယ်တွေကရေတွက်ရင်ပိုများတတ်တယ်ဆိုပေမယ့် ကားရှေ့စက်ဖုံးပေါ်မှာအေးအေးလူလူထိုင်နေရတဲ့ ညီညီကတော့ဒီညမှာကြယ်တွေကို ရေတွက်ဖို့မအားသေးပါ။ဘေးမှာလှဲနေတဲ့လူကို ထပ်ပြီးမကြည့်မိအောင် သူထိန်းထားနေရတယ်။ပြီးတော့ သူဟာဒီညမှာ နားထောင်သူတစ်ယောက်ဖြစ်တော့မှာ ကျိန်းသေပေါက်ပါပဲ။
VOCÊ ESTÁ LENDO
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.