Unicode☕️
လင်းဟန်သာက ကိုကိုးရဲ့ကျောကုန်းလေးကို ဖြေးဖြေးချင်းပွတ်ပေးနေတယ်။အမေတစ်ယောက်က ကလေးတစ်ယောက်ကိုချီပိုးသိပ်နေသလိုပဲ။
"ကိုယ်တို့ခဏထွက်ပြေးကြမယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ...။ကိုကိုး ပင်ပန်းတာ ကိုယ်သိတာပေါ့။ကိုယ်တို့ရဲ့စိတ်ဖိအားတွေကို ခဏလွှတ်ချပြီးတော့ အတွေးတွေကိုပြသနာတွေဆီကနေ ခဏလောက်တိမ်းရှောင်ခိုင်းမယ်။စိတ်ကူးကြည့်လိုက်....ဒုဓလီပန်းခင်းထဲမှာ မင်းရယ်ကိုယ်ရယ်ပဲရှိနေမယ်။ပြဿနာတွေကိုသယ်ပိုးထားရင်း အဖြေမရှာကြည့်နဲ့။လွှတ်ချထားရင်း အဖြေရှာကြမယ်။ကိုယ်တို့အတွက် ဘာကအကောင်းဆုံးလဲဆိုတာကို ကိုယ်တွေးရင်းအဖြေရှာနေတာမလို့ မင်းကနည်းနည်းလေးဖြစ်ဖြစ် ယုံကြည်ထားပေးမလား"
လင်းဟန်သာပြောတဲ့ ထွက်ပြေးကြရအောင်ဆိုတဲ့စကားက ရုပ်ရှင်တွေထဲကလိုနှစ်ယောက်တစ်ဘဝထူဖို့ ခိုးရာလိုက်ပြေးတာကို ဆိုလိုတာမဟုတ်။သူပြောတဲ့ထွက်ပြေးခြင်းက ကိုကိုးကို စိတ်ပူပန်၊မတည်ငြိမ်မှုတွေဆီကနေ ထွက်ပြေးစေလိုတာပဲ။
"ဒေါက်တာ့ကိုယုံပေမယ့်ကျွန်တော့်ကြောင့်နဲ့ ဘယ်သူ့ကိုမှမထိခိုက်စေချင်ဘူး..အထူးသဖြင့် မေမေ့ကို၊ကျွန်တော် လက်မလျှော့ရင် မေမေကဖေဖေနဲ့ကွဲလိမ့်မယ်တဲ့။ကျွန်တော့်ကြောင့်နဲ့ဘယ်သူ့ကိုမှအရှက်မရစေချင်ဘူး။ကျွန်တော့်ကြောင့်နဲ့ ဒေါက်တာ့ဘ၀ကိုကမောက်ကမမဖြစ်စေချင်ဘူး"
ကိုကိုးကပင်ပန်းသလို ပြောတယ်။ကိုကိုး ငယ်ငယ်တည်းက သာမန်ကောင်လေးတွေလို အပေါင်းအသင်းများများနှင့် ကြီးပြင်းလာရတဲ့သူမျိုးမဟုတ်ဘူး။ အမေ့ရဲ့ထိန်းချုပ်မှုအောက်မှာတင် ကြီးပြင်းလာခဲ့ရသူမလို့ သူ့အတွက်နုနုယဉ်ရဲ့ခြိမ်းခြောက်စကားတွေဆိုတာ ဟိုးတုန်းတည်းကအသုံးဝင်လာခဲ့တာပဲ။သူ့ကြောင့် အမေထိခိုက်ဒဏ်ရာရရတယ်ဆိုတဲ့စိတ်ကလည်း ကိုကိုးရဲ့အသက်ဆယ့်ကိုးနှစ်နီးပါးအတွင်း သက်ရောက်မှုအပြင်းဆုံး စိတ်ခံစားချက်တစ်ခုဖြစ်သွားတယ်။ ဒါကြောင့် နုနုယဥ်ခြိမ်းခြောက်ပြောဆိုသမျှက ကိုကိုးအပေါ်မှာ ခြယ်လှယ်ချုပ်ကိုင်နိုင်ပါတယ်။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.